www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 10, 2019

လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းတန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာများ ရက်ပိုင်းအတွင်း ရောင်းချပေးမည်

-
ရန်ကုန်    ဇန်နဝါရီ   ၉ 
-
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို ဇန်နဝါရီ ၁၄ ရက်မှ စတင်ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။ 
-
အဆိုပါအိမ်ရာသည် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ညောင်တုန်း လမ်းမကြီးနှင့် ကျန်စစ်သားလမ်းမကြီးကြား၌ တည်ရှိပြီး လက်ငင်းငွေအကျေ ပထမဦးစားပေး အဖြစ်၊ ပထမအရစ် ၅ဝ ရာခိုင်နှုန်း ပေးသွင်းသူများကို ဒုတိယ ဦးစားပေးနှင့် ပထမအရစ် ၃ဝ ရာခိုင်နှုန်းပေးသွင်းသူများကို  တတိယ ဦးစားပေးဟူ၍   အပိုင်းသုံးပိုင်းဖြင့်  ရောင်းချပေးမည်ဖြစ်သည်။ ''ငွေအကျေပေးချေနိုင်တဲ့သူတွေ အနေနဲ့ တော့ ဇန်နဝါရီ ၁၄ ရက်ကနေ ၁၈ ရက်အတွင်း ဦးရာလူစနစ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။ ဘဏ်ချေးငွေနဲ့  ဝယ်မယ့်သူတွေကတော့ နောက်လ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း လာရောက် စာရင်းပေးသွင်းရမှာပါ'' ဟု ၎င်းက ပြောသည်။ 
-
တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူလိုသူများ အနေဖြင့် ဘဏ်စုဆောင်း ငွေစာရင်းတွင် ပါဝင်သူများအနက် လက်ငင်းငွေ အကျေပေး ဝယ်ယူနိုင်သူများကို မိမိကြိုက်နှစ်သက်ရာ အခန်းအား ကိုယ်တိုင်လာရောက်ကာ မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ၊ အိမ်ရာအတွက် ဘဏ်စုငွေ ငွေစာရင်း စာအုပ်မူရင်း၊  မိတ္တူတို့ဖြင့် ဦးရာလူစနစ် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်သည်။ 
-
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ အခန်းတန်ဖိုးငွေ ပေးသွင်းရန် ငွေလက်ငင်း ဖြတ်ပိုင်းနှင့် ငွေသွင်းချလန်ကို  တိုက်ခန်း ဝယ်ယူသည့်နေ့တွင်ပင် တစ်ခါတည်း ဖြတ်ပေးမည်ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် တိုက်ခန်းဖိုးကို ဘဏ်၌ငွေသွင်းပြီး ချလန်ကို ဌာနသို့ တစ်ပတ်အတွင်း ပြန်လည်အပ်နှံမှသာ အခန်းဝယ်ယူခြင်းကို အတည်ပြုမည် ဖြစ်သည်။ 
-
လက်ရှိရောင်းချမည့် ကျန်စစ်မင်းအိမ်ရာ၏ အခန်းတန်ဖိုးများ အနေဖြင့် ရှစ်ခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းကို ငွေကျပ် ၁ဝ၂ သိန်း၊ ၁ဝ၉ သိန်း၊ ၁၁၂ သိန်း၊ ၁၁၉ သိန်း၊ ၁၂၂ သိန်း၊ ၁၂၉ သိန်း၊ ၁၃၂ သိန်း၊ ၁၃၉ သိန်း၊ ၁၄၂ သိန်းတို့ဖြင့် အသီးသီး ရောင်းချမည်ဖြစ်သကဲ့သို့ အခန်းအကျယ်အဝန်း အနေဖြင့် ၄၈၄ စတုရန်းပေ ပတ်လည်နှင့် ၅၂၂ စတုရန်းပေ ပတ်လည်ရှိကြောင်း၊ ထိုနည်းတူ လေးခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းအကျယ်အဝန်းအနေဖြင့် ၆၅ဝ စတုရန်းပေ ပတ်လည်ရှိ အခန်းတစ်ခန်းလျှင် ငွေကျပ် ၂၁၄ သိန်း၊ ၂၂၉ သိန်း၊ ၂၄၄ သိန်း၊ ၂၅၉ သိန်း၊ ၂၇၄ သိန်းတို့ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger