www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 10, 2019

ဖားစည်သံအချက်ပေး နိုင်ငံ တည်ဆောက် ကာကွယ်ရေး

-
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနနှင့် ကရင်စာပေယဉ်ကျေးမှု ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ်ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်ကို ဇန်နဝါရီ ၆ ရက် နံနက် ၈ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
-
ကရင်အမျိုးသား နှစ်သစ်ကူးနှင့် ကောက်သစ်စား ပွဲတော်သို့ တက်ရောက်လာကြသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊  ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးတို့က ဖားစည်တီး၍ အခမ်းအနား ဖွင့်လှစ်ပေးကြသည်။
-
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဆိုသည်မှာ ကရင်တိုင်းရင်းသားတို့၏ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ မြန်မာပြည် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့စဉ် ၁၈၈၁ ခုနှစ်တွင် ''ဒေါကလု''ဆိုသည့် ကရင်အမျိုးသား အသင်းကြီး(Karen National Association) ပေါ်ပေါက်လာပြီး ကရင်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး တိုးတက်မြင့်မားစေရန် ရည်သန်ကာ အသင်းကြီး၏ ကြိုးပမ်းမှုနှင့်အတူ အမြော်အမြင်ကြီးမားသည့်  ဒေါက်တာတီသံပြာကဲ့သို့  ကရင်အမျိုးသား ခေါင်းဆောင်များ၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၃၇ ခုနှစ် သြဂုတ် ၂ ရက်တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့မူကြမ်းကို အင်္ဂလိပ်ခေတ် မြန်မာ့ပါလီမန်တွင် အသိအမှတ်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ပါလီမန်လွှတ်တော် အမတ်များ၏ ညီညီညွတ်ညွတ် ကြိုးပမ်းအားထုတ်မှုကြောင့် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ခံရသည့်အတွက် ပထမဆုံး ကရင်အမျိုးသား နှစ်သစ်ကူးနေ့ မိန့်ခွန်းကို  ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် အသံလွှင့်ခဲ့ကြောင်း၊   အဆိုပါမိန့်ခွန်းတွင် ''ကျွန်ုပ်တို့သည် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင်ဆောင်ရွက် ကြိုးပမ်းကြမည်။ကျွန်ုပ်တို့   ကရင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲလူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်၊ နိုင်ငံတော်အကျိုးစီးပွားကို ဆောင်ရွက်ကြမည်''ဟု ပါရှိကြောင်း အလေးအနက် ထည့်သွင်း ပြောကြားသည်။
-
အထက်ပါအသံလွှင့် မိန့်ခွန်းကောက်နုတ်ချက်မှ ''ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင်ကြိုးပမ်း ဆောင်ရွက်ကြမည်'' ဟူသောအသံလွှင့်မိန့်ခွန်း ထုတ်လွှင့်သည့် ၁၉၃၈ ခုနှစ်သည် တစ်တိုင်းတစ်ပြည်လုံး လွတ်လပ်ရေးပန်းတိုင်သို့ အရောက်လှမ်းရန် အရှိန်အဟုန် ပြင်းပြင်းဖြင့် ချီတက်နေကြသည့် ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး ဆင်နွှဲနေချိန်ဖြစ်သည်။ ဤအချိန် ဤကာလတွင် ကရင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏  အမြော်အမြင်ကြီးမား ရင့်ကျက်မှုသည် နှောင်းလူတို့စံပြုဖွယ်ဖြစ်သည်။
-
မြန်မာတစ်မျိုးသားလုံး၏ လွတ်လပ်ရေးဗိသုကာ၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေး အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ''ညီညွတ်ရေးဆိုတာ တူညီသော အကျိုး၊ တူညီသောအလုပ်၊ တူညီသောရည်ရွယ်ချက်ရှိရမယ်။ တစ်တိုင်းတစ်ပြည်လုံး လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ရည်ရွယ်ချက်၊  တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ်၊  တိုင်းသူပြည်သားတွေရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်ကညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှညီညွတ်ရေး လို့ခေါ်ထိုက်တယ်''ဟူ၍ ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင်ကျင်းပသော ဖဆပလပြည်လုံးကျွတ် ညီလာခံကြီး၌ ရှင်းလင်း မိန့်ကြားခဲ့ကြောင်း မှတ်သားရဖူးသည်။
-
ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက ပြောကြားရာ၌ ကောက်သစ်စားပွဲသည် ယခုမှပြုလုပ်ခြင်းမဟုတ်ဘဲ ဘိုး၊ ဘေး၊ ဘီ၊ ဘင် လက်ထက်ကတည်းက ကျင်းပလာသည့်ကရင်ရိုးရာဓလေ့ဖြစ်ကြောင်း၊ ကျင်းပသည့်နေ့ရက်ကို သတ်မှတ် မထားသော်လည်း   ဒေသအလိုက်၊   အဖွဲ့အစည်းအလိုက်  အခက်အခဲ အမျိုးမျိုးကြားမှ ကောက်သစ်စားပွဲကို မဖြစ်မနေကျင်းပလာခဲ့ကြကြောင်း၊ ကရင်တိုင်းရင်းသားများ အနေဖြင့် စွဲကိုင်ထားသည့်ရိုးရာဓလေ့များကို   ဆက်ပြီး  ကမ္ဘာတည်သရွေ့ ကျင်းပသွားစေလိုကြောင်း ပြောကြားသည်။
-
သို့ဖြစ်၍ အမြော်အမြင်ကြီးမားရင့်ကျက်သော ဘိုးဘွားတိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ အမှာစကားကို စံထားကာ (၈၁)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်မှ ဖားစည်သံဖြင့် ကမ္ဘာတည်သရွေ့ မြန်မာပြည်တည်ရှိရေး သွေးချင်းညီအစ်ကို မောင်နှမတို့ စုပေါင်းတည်ဆောက် ကာကွယ်ကြရန် အဓိဋ္ဌာန်ပြုလိုက်ပြီ ဖြစ်ပါသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger