www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 6, 2018

မြန်မာ့ရုပ်သေးရုပ်ကို ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား ဝယ်ယူမှု များပြားလာ

မြန်မာ့ရုပ်သေးရုပ်ကို ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား ဝယ်ယူမှု များပြားလာ
-
မန္တလေး ဒီဇင်ဘာ ၅
-
မန္တလေး၌ပြုလုပ် ရောင်းချလျက်ရှိသော ရုပ်သေးရုပ်များကို ယခုအခါ နိုင်ငံတကာ ခရီးသွား ဧည့်သည်များနှင့် ပြည်တွင်းခရီးသွား ဧည့်သည်များက စိတ်ဝင်တစား ဝယ်ယူမှု များပြားလာကြောင်း သိရသည်။ 
-
လက်ရှိကာလတွင် နိုင်ငံတကာ ခရီးသွား ဧည့်သည်များသာမက ပြည်တွင်းခရီးသွား ဧည့်သည်များပါ မြန်မာ့ရုပ်သေးရုပ်လေးများကို ဝယ်ယူအားပေးမှု များလာသည်။ ရုပ်သေးရုပ်များကို မန္တလေးမြို့၌ ရုပ်သေးပန်းပု ပညာရှင်များက ပြုလုပ်ရောင်းချပြီး ဒေသအနှံ့ တင်ပို့ပေးရသည်။ 
-
ဇော်ဂျီရုပ်၊ မင်းသား၊ မင်းသမီးရုပ်၊ ဆင်၊ မြင်းမှအစ ရုပ်သေးစင်တော်ပေါ်မှ အရုပ်ပေါင်းစုံကို ပြုလုပ်ရောင်းချသည်။ ရုပ်သေးရုပ်များမှာ ကကြိုးမစုံသော်လည်း လှုပ်နိုင်ဆွဲနိုင်သည့် အဆင့်အထိ ပြုလုပ်ပေးထားပြီး ရုပ်သေးရုပ်တစ်ရုပ်လျှင် ငွေကျပ်၎ဝဝဝ မှ ၅ဝဝဝ အထိဈေးနှုန်း အမျိုးမျိုးဖြင့် ရောင်းချကြောင်း သိရသည်။
-
မြန်မာ့ရုပ်သေးသည် ယခင်က အမြင့်သဘင်အဖြစ် တည်ရှိခဲ့သည်။ ရုပ်သေးတွင် ခံစားမှုအနုပညာ၊ အသုံးချအနုပညာဟု နှစ်မျိုး သတ်မှတ်နိုင်သည်။ အဆို၊ အက၊ အရေး၊အတီး ဘာသာရပ်အတွက် ခံစားမှု အနုပညာဟုခေါ်ကာ ပန်းချီ၊ ပန်းပု၊ ပန်းရန်၊ ပန်းပဲ၊ ရွှေချည်ထိုးမှအစ ပန်းဆယ်မျိုး အနုပညာကို အသုံးချအနုပညာဟု ညွှန်းဆိုထားသည်။ 
-
မြန်မာ့ရုပ်သေးမှာ ခံစားမှု အနုပညာနှင့် အသုံးချအနုပညာတို့ ပေါင်းစပ်ထားသည့် အဖိုးတန်ပညာရပ်ပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အာဖရိကရုပ်သေး၊ နိုင်ဂျီးရီးယားရုပ်သေး၊ တရုတ်ရုပ်သေး၊ ပြင်သစ်ရုပ်သေး၊ အင်ဒိုနီးရှားရုပ်သေး၊ ထိုင်းအရိပ်ရုပ်သေး၊ အီတလီရုပ်သေး၊ သီရိလင်္ကာရုပ်သေး၊ ပီရူးရုပ်သေး၊ နီပေါရုပ်သေးမှအစ နိုင်ငံအလိုက် ရုပ်သေးရုပ်များရှိသည်။ ထိုရုပ်သေးများထဲတွင် မြန်မာရုပ်သေးသည် အလှပဆုံးနှင့် အနုပညာလက်ရာ အမြောက်ဆုံးဖြစ်ပြီး ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှု များပြားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger