www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 6, 2018

ရှေးခေတ်နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်သည့် စစ်ကိုင်းမြို့ရှိ တိလောကဂုရုလိုဏ်ဂူ

ရှေးခေတ်နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်သည့် စစ်ကိုင်းမြို့ရှိ တိလောကဂုရုလိုဏ်ဂူ
-
စစ်ကိုင်း ဒီဇင်ဘာ ၅
-
မြန်မာနိုင်ငံတွင် စစ်ကိုင်းမြို့နှင့် စစ်ကိုင်းတောင်သည် ထင်ရှားလှသည်။ ဧရာဝတီမြစ်ရစ်ခွေကာ မြောက်မှတောင် စီးဆင်းရာမှသည် အရှေ့အနောက် စကိုင်း စီးဆင်းသည့်အတွက် စကိုင်းမှသည် စစ်ကိုင်းဟုခေါ်ကြောင်း မှတ်သားသိရသည်။
-
စစ်ကိုင်းမြို့ကို အသင်္ခယာစောယွန်းက သက္ကရာဇ် ၆၇၇ ခုနှစ်တွင် အတုလဝတီမြို့ကို တည်ထောင်ခြင်းမှသည် စစ်ကိုင်းမြို့သမိုင်းကို အစပြုသည်ဟု ဆိုထားသည်။ မြို့တည်ရာ တစ်ပြိုင်တည်းတည်သော ကိုးဌာနဖြစ်သည့် ရွှေနန်းတော်၊ ရွှေမြို့တော်၊ အရှေ့တံခါး၊ အနောက်တံခါး၊ တောင်တံခါး၊ မြောက်တံခါး၊ စေတီလှစည်းခုံဘုရား၊ သောတပန်နတ်ကွန်း၊ ဆင်ဖြူကန်များမှသည် ချောင်ကိုးချောင်၊ တောင်ကိုးတောင်မှ စတင်ခဲ့သည်ဟု စာပေပညာရှင် များ၏ မှတ်တမ်းများအရ သိရသည်။
-
နှစ် ၇ဝဝ ကျော်သွားပြီဖြစ်သော စစ်ကိုင်းမြို့သည် မြန်မာနိုင်ငံတွင် ထင်ရှားသော ဒေသ၊ ဘာသာသာသနာ ထွန်းကားရာ ဒေသအဖြစ် နိုင်ငံ့ဂုဏ်ကို ဆောင်နေသည်။ စစ်ကိုင်းမြို့ရှိ လေ့လာစရာများစွာနှင့် စေတီပုထိုးပေါင်း များစွာထဲတွင် ရှေးခေတ်နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်သည့် တိလောကဂုရု လိုဏ်ဂူမှာလည်း စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။
-
တိလောကဂုရုလိုဏ်ဂူမှာ စစ်ကိုင်းတောင် ပုညရှင်စေတီတော်၏ တောင်ဘက်အဆင်း စောင်းတန်း အနောက်ဘက်တွင် ကပ်လျက်တည်ရှိသည်။ ထူးခြားပြီး စိတ်ဝင်စားဖွယ်ရာကောင်းသော နံရံဆေးရေး ပန်းချီများရှိသည့် ဂူအဖြစ်ထင်ရှားသည်။ ဥမင်အပြင် မျက်နှာစာကို အုတ်ဖြင့် တည်ဆောက်ကာ အတွင်းဘက်တွင် ကျောက်ကိုထွင်း၍ လိုဏ်ပြုလုပ်ထားသော ဂူပင်ဖြစ်သည်။ ဂူမှာနှစ်ဆင့်ဂူဖြစ်ပြီး အပေါ်သို့တက်ရန် လှေကားပါရှိသည်။
-
အဆိုပါ တိလောကဂုရု လိုဏ်ဂူသက်တမ်းမှာ နှစ်ပေါင်း ၃ဝဝ ကျော်ရှိပြီဖြစ်ပြီး လက်ရှိကာလတွင် ရှေးဟောင်းနံရံဆေးရေး ပန်းချီများကို လေ့လာနိုင်သည်။ နံရံဆေးရေးပန်းချီများမှာ နှစ်ကျိပ်ရှစ်ဆူဘုရားပုံ၊ဗျာဒိတ်ခံခန်း၊ တောထွက် ခန်းကို သရုပ်ဖော်ရေးဆွဲထားသလို ဗုဒ္ဓဝင်ပုံများကိုလည်း  တွေ့နိုင်ပြီး ပုံများအောက်တွင် ၅၅ဝ ဇာတ်တော်ကောက်နုတ်ချက်များ ရေးထိုးထားသည်ကိုလည်း လေ့လာနိုင်သည်။
-
အခြားဇာတ်တော်များ အနေဖြင့် စမ္ပေယျ နဂါးမင်းဇာတ်၊ သင်္ခပါလဇာတ်၊ မဟာကပိမျောက်မင်းဇာတ်၊ သရဘင်္ဂဇာတ်၊ ဥမ္မာဒန္တီဇာတ်၊ သမ္ဘူလဇာတ်နှင့် အခြားဇာတ်တော်ပုံများ၊ တောခန်း၊ တောင်ခန်း၊ တိရစ္ဆာန်များ၊ ငရဲခန်းများလည်း ရေးဆွဲထားသည်ကို လေ့လာနိုင်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger