www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 5, 2018

သိမ်းဆည်း ရမိ ဆင်စွယ်၊ ဆင်အစိတ် အပိုင်းနှင့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်း များအား မီးရှို့ ဖျက်ဆီး


နေပြည်တော်  အောက်တိုဘာ  ၎
-
မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် သိမ်းဆည်းရမိ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း များအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။
-
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမှာစကား ပြောကြားရာ၌ ယခု အခမ်းအနားတွင် မီးရှို့ဖျက်ဆီးမည့် ဆင်စွယ်၊ ဆင်အစိတ် အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း များ သည် နှစ်စဉ် ဖမ်းဆီးရမိခဲ့သည့် တရားမဝင် အမဲလိုက်ခြင်း၊ ကူးသန်း ရောင်းဝယ်ခြင်းများမှ သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများ ဖြစ်ကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ရှိ  သစ်တောဦးစီးဌာနက စုစည်းထိန်းသိမ်းထားသည့် ပစ္စည်းများထဲမှ ခွဲခြားထုတ်နုတ်ပြီး  ပထမ အကြိမ် အနေဖြင့် မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ပြီး ပြည်သူလူထုကို တောဆင်ရိုင်း၊ ကျား၊ ဝက်ဝံနှင့် ရှားပါး တိရစ္ဆာန်များ တရား မဝင်အမဲလိုက်သတ်ဖြတ်ခံနေရမှုများ၊ အသားဟင်းလျာအဖြစ် စားသောက်ဆိုင်များတွင်  ရောင်းချ နေမှုများနှင့် တရားမဝင် ကူးသန်း ရောင်းဝယ်နေမှုများကို ဝိုင်းဝန်းကူညီတားဆီးနိုင်ရေးအတွက် အသိ ပညာ ပေးရန်ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တရားမဝင် ဖမ်းဆီးရမိ တောရိုင်းတိရစ္ဆာန်    အစိတ် အပိုင်းများကို  စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထားရှိပြီး ဆင်စွယ်၊ ဆင်အစိတ်အပိုင်း၊ တိရစ္ဆာန် ဦးချိုများ၊ အရေ ခွံများ၊ အရိုးအစိတ်ပိုင်းများထဲမှ တစ်ချို့ကို ပြတိုက်များတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများ၊ တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်များ တရားမဝင်ကူးသန်းရောင်းဝယ်မှု တားဆီး နှိမ်နင်းရေး လုပ်ငန်းများနှင့် ပတ် သက်၍  အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး မကြာမီဖွင့်လှစ်တော့မည့်  ဆင်ပြတိုက် တွင်လည်း ထားရှိပြသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေ စုစုပေါင်း ၄၂ ခု၊ နိုင်ငံတော် ဧရိယာ ၏ ၅ ဒသမ ၇၉ ရာခိုင်နှုန်းအထိ တိုးတက်ဖွဲ့စည်း နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး နယ်မြေ ၁၉ ခုကို သဘာဝ ထိန်းသိမ်းရေး နယ်မြေများအဖြစ် တိုင်းပြည်၏ သယံဇာတနှင့် သဘာဝ အမွေအနှစ်များအဖြစ်  ကျန်ရှိအောင် သတ်မှတ် ဖွဲ့စည်းရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။
-
ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မျိုးဆက် ပျက်သုန်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့်  သစ်ပင် ပန်း မန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း၏ မြန်မာနိုင်ငံ ဆိုင်ရာ စီမံအုပ်ချုပ်မှုအခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ ညီညီကျော်က နိုင်ငံ အဆင့် တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ရောင်းဝယ် နေမှု များအား ဥပဒေအရ   ထိရောက်စွာ အရေးယူတားဆီးရေး လုပ်ငန်းအဖွဲ့ကို ၂ဝ၁၆ ခုနှစ်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့က အမိန့်ထုတ်ပြန် ဖွဲ့စည်းပေးပြီး ဖြစ်ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၈ ခုနှစ်အထိ စာရင်းများအရ တောဆင် ရိုင်းကောင်ရေ ၁ဝ၈ ကောင် သတ်ဖြတ် ခံရသည်ကိုတွေ့ရကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ခြောက် လတာ ကာလအတွင်း တောဆင်ရိုင်းတိရစ္ဆာန်များ တရားမဝင် သတ်ဖြတ်ဖမ်းဆီးမှုများ အဖြစ် အမှုပေါင်း ၁၄ဝ မှုနှင့် တရားခံ ၂၈၄ ဦး ကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း  ပြောကြား သည်။
-

ထို့နောက် ဖမ်းဆီးရမိသည့်ဆင်စွယ်များ အပေါ်ရှိလက်ဗွေရာများကို ၂၈ ရက်အတွင်း စစ်ဆေးနိုင်ရန် အထူးပြုလုပ် ထားသော စစ်ဆေးရေးကိရိယာတစ်စုံအား သစ်တောဦးစီး ဌာနက ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသော ပြည်ထောင်စု ဝန်ကြီးများနှင့် ဖိတ်ကြား ထားသော ဧည့်သည်များသည် မီးရှို့ဖျက်ဆီး မည့် တောရိုင်းတိရိစ္ဆာန် အစိတ် အပိုင်းများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက်  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့် တက်ရောက်လာကြ သူများက ဖမ်းဆီးရမိ ဆင်စွယ်၊ ဆင်အစိတ် အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား မီးရှို့ ဖျက်ဆီး ကြသည်။
-
ယနေ့တွင် ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများမှ ဆင်စွယ် ၂၇၇ ချောင်း၊ ဆင်အရိုးနှင့် တိရစ္ဆာန် အရိုးမျိုးစုံ ၂၂၇ ချောင်း၊ တိရစ္ဆာန်သားရေမျိုးစုံ ၄၅ ချပ်၊ တိရစ္ဆာန်ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ် အကြေးခွံ ၄၅ ဒသမ ၅ ကီလိုဂရမ်နှင့် အခြားတောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းမျိုးစုံ ၁၂၈ ခု စုစုပေါင်း အလေးချိန် ၈၄၉ ဒသမ ၂၆ ကီလိုဂရမ်၊ ကာလတန်ဖိုး ခန့်မှန်းအားဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
-
အဆိုပါအခမ်းအနားသို့  ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ပြည်ထောင်စု လွှတ်တော်မှ တာဝန်ရှိသူများ၊ သံရုံးများမှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆက်စပ်အစိုးရ ဌာနများမှ ဌာန ဆိုင်ရာအကြီးအကဲများ၊ UNDP. FAO. IUCN. WWF. WCS. SCBI နှင့် INGOs, NGOs များမှ ဌာနေ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထား သော  ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သိန်းဝင်း၊ အိအိပိုင်
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger