www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 13, 2018

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ KBC Camp နှင့် RC Camp ၌ နေထိုင်သည့် KIA တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခြင်းနှင့် ပတ်သက်၍ သတင်းမှန်ပြန်ကြားချက်

မိုင်းခေါင်ကျေးရွာနေ ဒေါ်မရန်ခေါန်မိုင် (တောင်သူ) အား နယ်မြေခံတပ်ရင်းရုံး၌ ပွင့်လင်းမြင်သာစွာ စစ်ဆေးနေပုံ။


သေဆုံးသူ ဦးဖော်ကန့်ယော်၏ချွေးမ ဒေါ်ထန်ဆန့်၏ထွက်ဆိုချက်။ 

သေဆုံးသူ ဦးဖော်ကန့်ယော်၏ချွေးမ ဒေါ်ထန်ဆန့်၏ထွက်ဆိုချက်။ 


၁။ ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာအုပ်စု၊ ခပ္ပရာရွာဟောင်းအနီးရှိ တောင်ယာတဲတစ်လုံး၌ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက် နေ့လယ်ပိုင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း တစ်ခုနှင့် KIA တပ်ဖွဲ့ တစ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဖြစ်စဉ်တွင် KIA ဘက်တံဆိပ်ပါ အလောင်းနှစ်လောင်းအား အသေရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းက ၎င်း KIA တပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများအား တိုက်ပွဲနေရာအနီး၌ပင် စနစ်တကျ မြှုပ်နှံသင်္ဂြိုဟ် ပေးခဲ့သည်။

၂။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် မိုင်းခေါင်ကျေးရွာ၌ နေထိုင်သူ ဒေါ်ကော့အောင်မှ မန်စီမြို့မရဲစခန်းသို့ လာရောက်၍ ၎င်းကျေးရွာ KBC Camp ၌ နေထိုင်သူ ဦးဖော်ကန့်ယော်နှင့် RC Camp ၌ နေထိုင်သူ ဦးဒေါ်ဂျယ်နော်ဆန်း တို့သည် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက် နေ့လယ်ပိုင်း၌ စခန်းမှ ခပ္ပရာကျေးရွာဟောင်းသို့ ကျွဲများကြည့်ရှုရန် သွားရောက်ရာမှ ပြန်လည်ရောက်ရှိခြင်းမရှိကြောင်း လာရောက် တိုင်တန်း ခဲ့သည်။ မန်စီမြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ် (၁/၂၀၁၈)ဖြင့် အမှုဖွင့်စုံစမ်းခဲ့သလို ဖေဖော်ဝါရီလ ၂၃ ရက်၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှလည်း ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ၊ ခပ္ပရာရွာအနီး၌ ဦးဖော်ကန့်ယော်နှင့် ဦးဒေါ်ဂျယ်နော်ဆန်းတို့ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စိစစ်ရန်အကြောင်းကြားခဲ့သဖြင့် မန်စီမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကလည်း စုံစမ်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခဲ့သည်။

၃။ ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက် နံနက်ပိုင်းတွင် သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းများကို မန်စီမြို့နယ် အနောက်တောင်ဘက် ၁၇ မိုင်အကွာ ခပ္ပရာကျေးရွာအနီး၌ မိုင်းခေါင်ရွာသားများ တွေ့ရှိထားကြောင်း သတင်းရရှိခဲ့သဖြင့် မန်စီမြို့နယ်၊ မြို့မရဲစခန်းမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး၊ မန်စီမြို့နယ်ဆေးရုံအုပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့နယ်တရားသူကြီး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့ပါဝင်သော အဖွဲ့ဝင် ၁၂ ဦးပါအဖွဲ့သည် မိုင်းခေါင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်းပြီး ၎င်းနေ့ညနေပိုင်း၌ အလောင်းများအား မြေကျင်းထဲမှ ဖော်ယူစစ်ဆေးခဲ့သည်။

၎။ ၎င်းမန်စီမြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ တူးဖော်ရရှိ အလောင်းများ၌ ၀တ်ဆင်ထားသည့် အ၀တ်အစားများမှာ KIA လက်မောင်းတံဆိပ်ပါ စစ်စိမ်းရောင် အင်္ကျီလက်ရှည်များဖြစ်ပြီး ဦးဒေါ်ဂျယ်နော်ဆန်း၏ အလောင်းသည် ပြင်းထန်စွာ ပေါက်ကွဲစေတတ်သော လက်နက်ကြောင့် ဦးခေါင်းခွံရိုးတစ်ခုလုံး အပိုင်းပိုင်းကျိုးကြေ၍ သေဆုံး ရခြင်းဖြစ်ကြောင်းနှင့် ဦးဖော်ကန့်ယော်၏ ၀ဲဘက်ပါးပြင်တွင် ကျည်ဝင်ရာတစ်ခုတွေ့ရပြီး နောက်စေ့ပွင့်ထွက်ဒဏ်ရာကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း၊ အခြားလက်နက်ကြောင့်ရရှိသည့် ဒဏ်ရာ၊ ဒဏ်ချက်မရှိကြောင်းတွေ့ရှိရသည်။ အခင်းဖြစ်ရပ်အားစစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊ မှုခင်းဆေးစာပေးပို့ခြင်း၊ မြို့နယ်ဆရာဝန်ကြီးထံမှ အလောင်းတူးဖော်မှု အစီရင်ခံစာရယူခြင်း၊ သေဆုံးသူများ ၀တ်ဆင်ထားသော စစ်စိမ်းရောင်အင်္ကျီများနှင့် ဘောင်းဘီတိုများအား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်းတို့ကို ရဲလုပ်ထုံးလုပ်နည်းများ အတိုင်း ပြည့်စုံစွာဆောင်ရွက်ခဲ့သည်။ ထို့အပြင် သေဆုံးသူများ၏ အ၀တ်အစားများအား ရန်ကုန်မြို့ရှိ ဓာတုဗေဒ၀န်ရုံးနှင့် နေပြည်တော်ရှိ မှုခင်းတပ်ဖွဲ့မှူးရုံးများသို့ပေးပို့၍ အ၀တ်အစား များအပေါ်၌ လူသွေး တွေ့ရှိခြင်းရှိ/မရှိနှင့် ယမ်းဓာတ်များ တွေ့ရှိခြင်း ရှိ/မရှိ စစ်ဆေးပေးရန် တင်ပြခဲ့သည်။

၅။ မန်စီမြို့မရဲစခန်းမှ တရားလိုနှင့် သက်သေ ၂၀ ဦးတို့အားလည်း အချိန်နှင့်တစ်ပြေးညီ အမှုဖွင့်စစ်ဆေးခဲ့သည်။ ရန်ကုန်မြို့၊ ဓာတုဗေဒ၀န်ရုံးမှလည်း အ၀တ်အစားများအပေါ်တွင် လူသွေးတွေ့ရှိကြောင်းနှင့် ယမ်းဓာတ် မတွေ့ရှိကြောင်း ပြန်ကြားလာခဲ့သည်။ ပညာရှင်များ၏ ပညာရပ်ဆိုင်ရာ ခိုင်လုံသော သက်သေခံချက်အရ သေဆုံးသူများသည် တိုက်ပွဲဖြစ်ပွားစဉ် KIA ယူနီဖောင်းဝတ်ဆင်ထားပြီး ၎င်းဝတ်စုံဖြင့်ပင် ကျည်ဆံထိမှန်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းယူနီဖောင်းအပေါ်၌ ယမ်းဓာတ်မတွေ့ရသဖြင့် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရခြင်း မဟုတ်ဘဲ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားစဉ် လက်နက်ငယ် ကျည်ထိမှန်မှုကြောင့်သာ သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် တိုက်ပွဲဖြစ်စဉ်တွင် ၎င်း KIA နှစ်ဦး၏ အလောင်းများ တွေ့ရှိခဲ့သည့် တဲအတွင်းမှ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၀၀ တောင့်၊ လမ်းလျှောက် စကားပြောစက် ဧရိယာတိုင် ၁ တိုင်၊ တီအင်န်တီယမ်းတုံး ၄၀၀ ဂရမ် ၁ လုံးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ ထို့ကြောင့် သေဆုံးသူနှစ်ဦးမှာ တိုက်ပွဲဖြစ်ပွားစဉ် ကျည်ဆံ ထိမှန်သေဆုံးခဲ့ကြောင်း ထင်ရှားသဖြင့် အမှုအားမှားယွင်းမှုဖြင့် ပိတ်သိမ်းနိုင်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

၆။ တပ်မတော်မှ နယ်မြေခံနည်းဗျူဟာမှူးတစ်ဦးမှလည်း ၂၀၁၈ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် မန်စီမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ မိုင်းခေါင်ကျေးရွာ တိုက်ပွဲရှောင်စခန်းတွင် အခြေပြုနေထိုင်သည့် KIA လက်နက်ကိုင် အဖွဲ့မှ ဦးဖော်ကန့်ယော်နှင့် ဦးဒေါ်ဂျယ်နော်ဆန်းတို့နှစ်ဦးသေဆုံး ခဲ့ရမှု၊ ၎င်းတို့ထံမှ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု အခြေအနေများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သေဆုံးသူနှစ်ဦး၏ မိသားစုဝင်များအားတွေ့ဆုံ၍ သက်သေအထောက်အထားများနှင့်တကွ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ လူနေထိုင်ခြင်းမရှိသည့် ခပ္ပရာရွာပျက်နေရာ ဖြစ်ပြီး KIA လက်နက်ကိုင်အဖွဲ့က တပ်မတော်စစ်ကြောင်းများအား မိုင်းထောင်၊ မိုင်းဆွဲချောင်းမြောင်းပစ်ခတ်သည့်နေရာများဖြစ်၍ လုံခြုံရေးအရ အရပ်သားများအား မသွားရန်ကန့်သတ်ထားသော နေရာများဖြစ်သည်။

၇။ တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် အဆိုပါ KIA တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုအား ပိုမိုတိကျခိုင်လုံစေရန်အတွက် တပ်မတော်မှ လက်ထောက်တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဦးစီး စစ်ဆေးရေးအဖွဲ့ဖြင့် ယခုနှစ် ဇူလိုင်လ ဒုတိယပတ်၌ မိုင်းခေါင်ကျေးရွာနှင့် မန်စီမြို့နယ်တို့သို့သွားရောက်၍ ထပ်မံစစ်ဆေးခဲ့ပါသည်။ တပ်မတော်စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ၆ ရက်တာကာလအတွင်း မိုင်းခေါင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊KBC Camp နှင့် RC Camp တာဝန်ခံများ၊ သေဆုံးသူများ၏ ဆွေမျိုးသားချင်းများ၊ ကျေးရွာသူ/ရွာသားများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စုံစမ်းစိစစ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်မှ တပ်မတော်သားများ စုစုပေါင်း ၃၉ ဦးအား ကိုယ်တိုင်ရေး လက်ရေးမူများရေးသား ထွက်ဆိုစေခြင်း၊ ထွက်ဆိုချက်များအား အသံသွင်းယူ၍ ပြန်လည်ဖတ်ပြပြီး ထွက်ဆိုချက်များ ရေးသားလက်မှတ်ရေးထိုးလက်ဗွေရယူ အတည်ပြုခြင်းတို့အား တပ်မတော်အက်ဥပဒေ၊ နည်းဥဒေများနှင့်အညီ စနစ်တကျတိကျစွာ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးပြီးနောက်ပိုင်း၌ တပ်မတော်စစ်ဆေးရေးအဖွဲ့သည် သက်သေများအား ခြိမ်းခြောက်ထွက်ဆိုစေခြင်း၊ နိမိတ်ပြ မေးခွန်းများ(Leading Questions) မေးမြန်းစစ်ဆေးခြင်း၊ သက်သေထွက်ဆိုချက်များအား လိုအပ်သလို ပြင်ဆင်ရန်ရည်ရွယ်ပြီး စာရွက်အလွတ်များ၌ လက်ဗွေနှင့်လက်မှတ်ရေးထိုး ခိုင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်ဟု ထပ်မံစွပ်စွဲသတင်းဖြန့်ချိလျက်ရှိကြောင်း ကြားသိရပါသည်။ တပ်မတော်စစ်ဆေးရေးအဖွဲ့အနေဖြင့် သက်သေများအား မန်စီမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရုံးခန်းမ၌ ပွင့်လင်းမြင်သာစွာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးစဉ်အတွင်း ထွက်ဆိုချက်များ၊ အပြန်အလှန်အမေးအဖြေများအား အသံသွင်းယူခဲ့ပြီး စာမရေးတတ်သူများအား အသံသွင်းထားသည့် ၎င်းတို့၏ထွက်ဆိုချက်အတိုင်း ပြန်လည်ရေးသားသည့် စာအမှတ်အသားပေါ်တွင်လည်းကောင်း၊ စာရေးတတ်သူများအား ကိုယ်တိုင်လက်ရေးဖြင့် ရေးသားထွက်ဆိုသည့် စာအမှတ်အသားပေါ်တွင် လည်းကောင်း လက်မှတ်ရေးထိုးခြင်း၊ လက်ဗွေနှိပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ တပ်မတော် စုံစမ်းစစ်ဆေးရေးခုံရုံး၏ လုပ်ထုံးလုပ်နည်းများအရ စုံစမ်း စစ်ဆေးရေးခုံရုံးအမှုတွဲအား မူရင်းလက်ရေးဖြင့် ၁ စုံ၊ ကွန်ပျူတာစာစီဖြင့် ၄ စုံ ပြုလုပ်ရသည်ဖြစ်ရာ မူရင်းလက်ရေးဖြင့် ၁ စုံအား ခုံရုံးစစ်ဆေးစဉ်အတွင်း၌ပင် အပြီးဆောင်ရွက်၍ သက်သေများရှေ့မှောက်၌ပင် ပြန်လည်ဖတ်ပြခြင်း၊ လက်မှတ်ရေးထိုး လက်ဗွေနှိပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ စာရွက်အလွတ်၌ လက်မှတ်ရေးထိုး၊ လက်ဗွေနှိပ်ထားသော စာရွက်များကို ကွန်ပျူတာစာစီဖြင့် ဆောင်ရွက်ရသော အမှုတွဲ ၄ စုံအတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းကွန်ပျူတာစာစီထားသော အမှုတွဲများမှာလည်း မူရင်းလက်ရေးမူအမှုတွဲနှင့် ထပ်တူထပ်မျှဖြစ်ပြီး အသံသွင်းထားသော ထွက်ချက်များနှင့် လုံးဝကွဲလွဲမှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို့အပြင်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များအား တာဝန်ရှိသူများ၊ သေဆုံးသူများ၏ ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံ၍ ရှင်းလင်းခဲ့ကြောင်းတွေ့ရသည်။

၈။ တပ်မတော်စစ်ဆေးရေးအဖွဲ့မှ ထပ်မံစစ်ဆေးရာတွင် ထွက်ဆိုချက်များနှင့် စစ်ဆေး တွေ့ရှိချက်များအရ ထင်ရှားစွာတွေ့ရှိရသည်မှာ-

(က) ဖြစ်စဉ်ဖြစ်ပွားသည့်နယ်မြေမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်၌ KIA အဖွဲ့မှ တပ်မတော်၏အုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက် ရာတွင် အသုံးပြုသည့် ရဟတ်ယာဉ် တစ်စင်းအား ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ရဟတ်ယာဉ်ထိခိုက်ခဲ့သော နယ်မြေဖြစ်သည်။ ၎င်းနယ်မြေအား တပ်မတော်စစ်ကြောင်းများမှ နယ်မြေ ရှင်းလင်းစဉ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်အထိ KIA အဖွဲ့မှ နိုင်ငံ၏သဘာဝသယံဇာတများအား ခိုးထုတ်နေသည့် တရားမ၀င်မှောင်ခိုလုပ်ငန်းများ ဆောင်ရွက်နေသော စခန်းငယ် ၁၈ ခု၊ စခန်းကြီး ၄ ခုတို့အား သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက် နယ်မြေရှင်းလင်းရေးလုပ်ငန်း များအား ခပ္ပရာရွာပါဝင်သည့် နောင်ဟူး - ကိုက်ထိပ်၊ - ပလောင်ဒိန်ဆာ - လွယ်ကျောက်တောင် နယ်မြေ၌ ဆက်လက်ပြုလုပ်ခဲ့ပြီး သဘာဝသယံဇာတများ ခိုးထုတ်မှုမရှိစေရေး ဆောင်ရွက်ခဲ့သဖြင့် တပ်မတော်၏ စစ်ဆင်ရေးဆောင်ရွက် ခဲ့သော နယ်မြေဖြစ်သည်။

( ခ) သေဆုံးသူနှစ်ဦးသည် တိုက်ပွဲဖြစ်စဉ်အတွင်း သေဆုံးခဲ့ ရခြင်းဖြစ်ပြီး သေဆုံးစဉ်က KIA ယူနီဖောင်းနှင့်ဖြစ်ပြီး တိုက်ပွဲနေရာမှာလည်း စစ်ဆင်ရေးဆောင်ရွက်နေမှုကြောင့် သာမန်အရပ်သားများ မရှိနိုင်သည့်နေရာဖြစ်သည်။

(ဂ ) သေဆုံးသူများ၌ သေနတ်ကျည်ဆံထိမှန်ဒဏ်ရာမှအပ အခြားဒဏ်ရာ၊ ဒဏ်ချက် မတွေ့ရှိရကြောင်း တွေ့ရှိရသည်။

(ဃ) KBC Camp နှင့် RC Camp များမှ တာဝန်ခံများမှလည်း သေဆုံးသူ နှစ်ဦးသည် စစ်ဘေးရှောင်စခန်းအတွက် ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ချိန်တွင် အဆိုပါစခန်းများသို့ ပစ္စည်းနှင့်ရိက္ခာလာရောက်ထုတ်ယူခဲ့ပြီး ကျန်အချိန်များတွင် မန်စီမြို့နယ်၊ ရပ်ကွက်(၂)အတွင်း နေထိုင်သူများဖြစ်ကြောင်း
KIA တပ်ဖွဲ့ဝင်မဟုတ်ကြောင်းကို အာမခံချက်မပေးနိုင်ကြောင်း ငြင်းဆိုကြပါသည်။

(င) တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံးမှ စစ်ဆေးရေးအဖွဲ့များ မန်စီနှင့် မိုင်းခေါင် ကျေးရွာသို့စစ်ဆေးစဉ် မူလအမှုဖွင့်တိုင်ကြားသူ ဒေါ်ကော့အောင်မှာ နယ်စပ် ဒေသသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ယခင်တိုင်ကြားစဉ်က အမှုပွဲစားအဖြစ် တိုင်ကြားကြောင်း ဖော်ထုတ်ရရှိပါသည်။

(စ) အမှုဖွင့်တိုင်ကြားချက်များမှာ မြို့နယ်စစ်ဆေးရေးအဖွဲ့မှ သေဆုံးသူများ၏ အလောင်းအား ဖော်ယူစစ်ဆေးစဉ် တွေ့ရှိချက်၊ ဓာတုဗေဒ၀န်ရုံး၏ အစီရင်ခံစာ၊ တပ်မတော်စစ်ဆေးရေးအဖွဲ့၏ ထပ်မံအတည်ပြုစစ်ဆေးချက်များအရ သက်သေ အထောက်အထား တိကျခိုင်လုံမှုမရှိဘဲ ၎င်းတို့၏ ထင်မြင်ယူဆချက်ဖြင့်သာ တိုင်ကြားခဲ့ခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှားယွင်းတိုင်ကြားမှုဖြင့် အမှု ပိတ်သိမ်းရန် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

(ဆ) သက်ဆိုင်ရာ တပ်မတော်စစ်ကြောင်းမှလည်း တရားဝင် အထက်ဌာန အဆင့်ဆင့်သို့ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ တင်ပြထားကြောင်းတွေ့ရှိရသည်။

၉။ သို့ဖြစ်ပါ၍ မိုင်းခေါင်ကျေးရွာအုပ်စု၊ ခပ္ပရာကျေးရွာဟောင်းအနီး တောင်ယာတဲ တစ်လုံးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်၌ သေဆုံးသူ ဦးဖော်ကန့်ယော်နှင့် ဦးဒေါ်ဂျယ်နော်ဆန်း တို့၏ သေဆုံးမှုသည် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ငယ်ကျည်ထိမှန် သေဆုံးခဲ့သည့် KIA တပ်ဖွဲ့ဝင်များသာဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (ROE- Rules of Engagement) အရသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger