www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 13, 2018

မော်တော်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး



မိတ္ထီလာ ၁၃-၈-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာ အနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၄ဝ/၃)နှင့် (၃၄ဝ/၄) ကြားတွင် ဆိုင်ကယ်နှင့် မော်တော်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိ၍ ဆိုင်ကယ် မောင်းနှင်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒုတိယရဲအုပ် ချစ်ဇော်ဝိုင်းနှင့် တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၁ရက်ည ၁၁နာရီခန့်က မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်း ကျေးရွာ အနီးရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင် အမှတ် (၃၄ဝ/၃) နှင့် (၃၄ဝ/၄) ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ မန္တလေးဘက်မှ မိတ္ထီလာမြို့တွင်းသို့ မြတ်ဘုန်းကို (ဘ)ဦးကျော်ကျော် ဈေးအရှေ့ပြင်ရပ်ကွက် မိတ္ထီလာမြို့နေသူ မောင်းနှင်ပြီး ဇင်မင်းထက် (ဘ) ဦးလှညွန့် မဟာမြင့်မိုရ်လမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့နေသူ၊ဥာဏ်လင်းထွန်း(ဘ) ဦးခင်မောင်ဇော် မြို့မ(၄)ရပ်ကွက် မိတ္ထီလာမြို့နေသူ၊ မင်းမင်းစိုး (ဘ) ဦးကျော်မြင့်နယ်မြေ (၅) အောင်ဇေယျာရပ်ကွက် မိတ္ထီလာမြို့နေသူ၊ လွမ်းမိုးနိုင် (ဘ) ဦးသိန်းထူး အရှေ့ပြင်ရပ်ကွက် မိတ္ထီလာ မြို့နေသူတို့ လိုက်ပါလာသော ယာဉ်အမှတ် 4D/----အဖြူရောင်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ အမည်မသိ အမျိုးသား (စုံစမ်းဆဲ) မောင်းနှင်လာသော နံပါတ်မပါတာရမ်း ၁၁ဝ အနက်ရောင် ဆိုင်ကယ်တို့သည် လမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မိမှုကြောင့် မော်တော်ယာဉ်မှာ တိမ်းမှောက်သွားကာ ဆိုင်ကယ်မောင်းနှင်သူ အမည်မသိအမျိုးသားတွင် ငယ်ထိပ်ဖူးရောင်ပေါက်ပြဲ သွေးထွက်၊ နား၊ပါးစပ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် အချင်းဖြစ် နေရာတွင် သေဆုံးပြီး မော်တော်ယာဉ်ပေါ် လိုက်ပါလာသူများအနက် မြတ်ဘုန်းကို၊ မင်းမင်းစိုး၊ လွမ်းမိုးနိုင်တို့တွင် ဒဏ်ရာ (မစိုးရိမ်ရ) များရရှိသဖြင့် မိတ္ထီလာ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မြတ်ဘုန်းကို၊ အမည်မသိအမျိုးသား (စုံစမ်းဆဲ)တို့ကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် ချစ်ဇော်ဝိုင်းက တရားလို ပြုလုပ်တိုင်တန်းသဖြင့် မိတ္ထီလာမြို့အမှတ် (၂) နယ်မြေရဲစခန်းက ယာဉ်(ပ) ၅၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၄(က)/၃၃၇ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger