www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 27, 2018

မဟာမုနိရုပ်ရှင်တော် မြတ်ကြီးတွင် ညရုံသင်္ကန်းလှူဒါန်းရာ၌ စီးပွားရေး ကြော်ငြာဆန်သည့် ပုံစံမဖြစ်ရန် စိစစ်သွားမည်



မန္တလေး ၂၇-၈-၂ဝ၁၈

မန္တလေး ချမ်းမြ သာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင် ညရုံသင်္ကန်း လှူဒါန်းမှုများ ပြုလုပ်ရာ၌ စီးပွားရေးလုပ်ငန်း ကြော်ငြာဆန်သည့် ပုံစံမဖြစ်စေရန် စိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မဟာမုနိဘုရား ရေတော် ဆရာတော်ထံမှ သိရသည်။

"ဘုရားကြီးမှာ ညရုံသင်္ကန်း လာလှူဒါန်းတဲ့ သူတွေရဲ့ လှူဒါန်းမှုက ကြော်ငြာပုံစံတစ်ခု ဖြစ်လာမှာ စိုးရိမ်ရတယ်။ အပြောမခံချင်ဘူး။ ဒါကြောင့် စီးပွားရေးဆန်တဲ့ လှူဒါန်းမှုတွေမဖြစ်စေဖို့ သေချာစိစစ်သွားမှာပါ"ဟု မဟာမုနိဘုရားရေတော်ဆရာတော်က မြွက်ကြားသည်။

မဟာမုနိဘုရားကြီးတွင် ညရုံသင်္ကန်း လာရောက်လှူဒါန်းသည့် အလှူရှင်များတွင် ရာသက်ပန် အလှူရှင်များ၊ နှစ်စဉ်လှူဒါန်းမှုများ၊ လစဉ်လှူဒါန်းမှုများနှင့် ပြည်ပမှ လှူဒါန်းမှုများရှိကြောင်း ဆရာတော်ထံမှ သိရသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းလေးက ညရုံသင်္ကန်း လာလှူဒါန်းတဲ့သူက လှူဒါန်းတဲ့သင်္ကန်းပေါ်မှာ ကြော်ငြာသဘော မျိုးဖြစ်စေတဲ့ ပုံစံပါလာပါတယ်။ အဲဒီလိုမဖြစ်စေဖို့ အတွက်သေချာစိစစ်သွားမှာပါ"ဟု မဟာမုနိဘုရား ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

"စီးပွားရေး လုပ်ငန်းရှင်တွေကတော့ သူတို့ အကျိုးစီးပွား ဖြစ်ဖို့ဆိုရင် ဘာသာရေးကိုလဲ အသုံးချနိုင်တယ်။ ဘုရားကြီးဆိုတာ အထင်ကရ ဘုရားတစ်ဆူဖြစ်တော့ သူတို့လုပ်ငန်းအကြောင်း အလွယ်တကူ ပေါက်နိုင်တဲ့ နည်းလမ်းမျိုးစုံ လုပ်နိုင်တယ်။ အကျိုးစီးပွားအတွက် လှူဒါန်းတာမျိုးမဖြစ်စေဖို့ ဘုရားဂေါပကအနေနဲ့ သေချာစိစစ်ရတော့မယ်။ နောက်တစ်ခါ မဖြစ်စေဖို့အတွက် သေချာလေးစိစစ် သင့်ပါပြီ"ဟု မန္တလေးမြို့ခံ ဦးသိန်းလှကပြောပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ညရုံသင်္ကန်းလာရောက် လှူဒါန်းသည့် အလှူရှင်က လှူဒါန်းသည့် ဝတ်ရုံပေါ်တွင် စီးပွားရေးလုပ်ငန်းများကို ရေးသားထားသည့်အတွက် စီးပွားရေး ကြော်ငြာဖြစ်ကြောင်း မြို့ခံများက ဝေဖန်ထားကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger