www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 2, 2018

ပုဂံဒေသသို့ နေ့ချင်းပြန်ဘုရားဖူးသွားရောက်နိုင်ရန် အစုန်၊ အဆန်ရထားများ စတင်ပြေးဆွဲ



မန္တလေး ၂-၈-၂ဝ၁၈

ပုဂံဒေသရှိ ရှေးဟောင်းဘုရားများ ကိုနေ့ချင်းပြန် သွားရောက် ဖူးမြော်နိုင်ရန် မန္တလေးဘူတာကြီးမှ မန္တလေး-ပုဂံ ရထားလမ်းပိုင်းတွင် ယနေ့မှစ၍ အစုန်၊ အဆန်ရထားများ စတင်ပြေးဆွဲ ပေးနေပြီဖြစ်ကြောင်း အဆိုပါဘူတာကြီးမှ ရုံပိုင်ချုပ် ဦးမြင့်သိန်းက ပြောပြ၍ သိရသည်။

အဆိုပါ ရထားလမ်းပိုင်းတွင် ယခင်က မန္တလေးဘူတာကြီးမှ ပုဂံသို့ နေ့စဉ် ည ၈ နာရီတွင်ထွက်ခွာပြီး ပုဂံမှ မန္တလေးသို့ နံနက် ၇ နာရီတွင် ပြန်လည်ထွက်ခွာသည့် ရထားတစ်စင်းသာ ပုံမှန်ပြေးဆွဲခဲ့ပြီး ယခုထပ်မံ တိုးချဲ့ပြေးဆွဲ သည့် ရထားကိုမန္တလေးနှင့် ပုဂံဘူတာအသီးသီးမှ ည ၉ နာရီတွင် တစ်ပြိုင်နက်တည်း အစုန်၊ အဆန် ထွက်ခွာပြေးဆွဲ ပေးနေပြီဖြစ်ကြောင်း သိရသည်။

"မန္တလေးမြို့ဝန်းကျင်မှာ နေတဲ့ မြို့သူ၊ မြို့သားတွေနဲ့ နိုင်ငြံခားသား ခရီးသွားတွေ ပုဂံကိုဘုရားဖူးသွား တဲ့အခါမှာ ကားနဲ့ အဓိက သွားကြပြီးပုဂံမှာ တစ်နေကုန် လည်ပြီးလို့ရထားနဲ့ ပြန်ချင်တဲ့အခါ နောက်တစ်နေ့မနက် ရထားကိုစောင့်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ကအခုလို ပုဂံမှာတစ်နေကုန်လည်ပြီး ပုဂံက ည ၉ နာရီရထားနဲ့ နေရပ်ကို ပြန်နိုင်အောင် စီစဉ်ပေးတာဖြစ်ပါတယ်။ မန္တလေးကနေ ည ၈ နာရီထွက်တဲ့ ရထားက ပုဂံကိုမနက် ၄နာရီ ၄၅ မိနစ်မှာရောက်ပြီး ည ၉ နာရီရထားက ပုဂံကိုမနက် ၅ နာရီ ၅ မိနစ်မှာရောက်မှာပါ" ဟု ၎င်းက ပြောပြသည်။

ယခု တိုးချဲ့ပြေးဆွဲပေးသည့် ရထားများတွင် ရိုးရိုးတန်း သုံးတွဲ၊ အထက်တန်း နှစ်တွဲနှင့် အိပ်စင်များ ပါဝင်မည်ဖြစ်ပြီး စီးနင်းခများ အနေဖြင့် ရိုးရိုးတန်းလျှင် ငွေကျပ် ၁၄၅ဝ၊ အထက်တန်းလျှင် ငွေကျပ်၂၉ဝဝ နှင့် အိပ်စင်အတွက် တစ်ဦးလျှင် ငွေကျပ် ၄ဝဝဝ ဖြင့်ရောင်းချ ပေးနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger