www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 10, 2018

မိုးတွင်းကာလ ရေလမ်းကြောင်း ကောင်းသောကြောင့် ကုန်စည်တင်ပို့မှုတန်ချိန် ယခင်လထက် နှစ်ဆခန့်မြင့်တက်



မန္တလေး ၁ဝ-၈-၂ဝ၁၈

မိုးတွင်းကာလ ရေလမ်းကြောင်း ကောင်းသောကြောင့် မန္တလေးဆိပ်ကမ်းမှ ကုန်စည်တင်ပို့မှု တန်ချိန် ယခင်လထက် နှစ်ဆခန့် မြင့်တက်လာကြောင်း ပုဂ္ဂလိက ရေယာဉ်များ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောပြ၍ သိရသည်။

ယခုလက်ရှိ ဧရာဝတီမြစ်ရေ တက်ချိန်ကာလလည်း ဖြစ်သည့်အပြင် မိုးတွင်းကာလသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် မြစ်အတွင်းရှိ ခရီးသည်တင် သင်္ဘောများ အပါအဝင် ကုန်တင်သင်္ဘောများပါ သွားလာရ အဆင်ပြေသော အချိန် ကာလတစ်ခုသို့ ရောက်ရှိနေခြင်းကြောင့် ယခုလအတွင်း ဧရာဝတီမြစ် မန္တလေးဆိပ်ကမ်းမှ ကုန်စည်တင်ပို့မှုမှာ ပြီးခဲ့သည့် ဇူလိုင်လထက် နှစ်ဆခန့်မြင့်တက် လာကြောင်း သိရသည်။

"ဧရာဝတီမြစ်အတွင်း အခုရေတက် လာတဲ့အတွက် အရင်က သောင်ပြင်တွေ အကုန်မြုပ်ပြီး မြစ်ပြင်အတွင်း ရေပြင်အပြည့် ဖြစ်သွားတဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။ ဒီလိုရေပြင်ကျယ် နဲ့ဆိုတော့ သင်္ဘောတွေ ရေလမ်းကြောင်းကို ရွေးချယ်ပြီး သွားစရာမလိုဘဲ အဆင်ပြေတဲ့ လမ်းကြောင်းကနေ မောင်းနှင်လို့ရတဲ့အတွက် ကုန်တင်သင်္ဘောတွေ အတော်လေး အဆင်ပြေပါတယ်။ အရင်ကသောင်ပြင် တွေနဲ့ဆို မြစ်အတွင်းသွားဖို့ကကွေ့ဝိုက်ပြီး မောင်းနှင်နေကြတော့ ကုန်တင်သင်္ဘောလဲ နည်းပါတယ်" ဟု ၎င်းက ဆက်လက် ပြောပြသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း ဧရာဝတီမြစ်၊ မန္တလေးဆိပ်ကမ်းမှ ဆန်၊ ပဲ၊ ပြောင်း၊ ဆီ၊ဆားစသည့် ကုန်ချောပစ္စည်း အမျိုးမျိုးကို ၎င်းမြစ်အတွင်း ရေလမ်းကြောင်းမှ တင်ပို့ရာတွင် တစ်ရက်လျှင် ပျှမ်းမျှတန်ချိန်၁၅ဝ ခန့်သာရှိခဲ့သော်လည်း ယခုလက်ရှိ မိုးတွင်းကာလ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မြစ်အတွင်း ရေလမ်းကြောင်း ကောင်းမွန်မှု ရှိလာသည့်အတွက် သြဂုတ်လမှစ၍ ယခုလက်ရှိအချိန်ထိ မန္တလေးဆိပ်ကမ်းမှ တစ်ရက်လျှင် တန်ချိန် ၅ဝဝ ခန့်တင်ပို့ပေးနေရကြောင်း သိရသည်။

အလားတူ ဧရာဝတီမြစ်အတွင်း ယခုလက်ရှိ မိုးတွင်းကာလတွင် သင်္ဘောများ သွားလာရာတွင် အဆင်ပြေနေသော်လည်း မြစ်ကူးတံတားများကို ဖြတ်သန်း သွားလာရာတွင် သတိပြုသွားလာကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသ-၅ မန္တလေးတိုင်း ဒေသကြီးမှ ရေလမ်းသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger