www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 13, 2018

ရေနံဈေးမြင့်တက်သော်လည်း ထုတ်လုပ်မှုတွင် လုပ်သားရှားပါးမှုတွေ့နေရ



မင်းလှ ၁၃-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်နှင့် သရက်မြို့နယ်ရှိ ရေနံမှော်များတွင် ရေနံဈေးနှုန်း မြင့်တက်သော်လည်း မိုးတွင်းကာလ ဖြစ်သဖြင့် ရေနံထုတ်လုပ်မှုတွင် လုပ်သားရှားပါးမှု များကြုံတွေ့နေရကြောင်း ရေနံမှော်တွင် လုပ်ကိုင်နေသူများထံမှ သိရသည်။

ရေနံဈေးနှုန်းမှာ ယခုလပိုင်းတွင် ရေနံတစ်စည်လျှင် ငွေကျပ်၈ဝဝဝဝမှ ၈၅ဝဝဝထိ ဈေးနှုန်းများ ရှိကြောင်း သိရသည်။

"ကျွန်တော် ရေနံမှော်မှာ အလုပ်လုပ်နေတာ ရှစ်နှစ်ရှိခဲ့ပါပြီ။ မှော်တွေအစပိုင်းကတော့ ရေနံတော်တော်ထွက်တယ်။ အခုနောက်ပိုင်း မှော်တွေ ရေနံအထွက်နည်းတာရယ်၊ ရေနံဈေးမကောင်းတာ တွေရယ်ကြောင့် တူးတဲ့သူတွေနည်းလာခဲ့တယ်။ အခုလပိုင်း ရေနံဈေး ပြန်တက်ခဲ့ပြီး တစ်စည်ကို ငွေကျပ်၈ဝဝဝဝ၊ ၈၅ဝဝဝဈေးတွေထိ မြင့်တက်လာတယ်။ ဒါပေမဲ့ မိုးတွင်း ကာလဆိုတော့ လုပ်သားရှားပါးမှု ကြုံတွေ့နေရတယ်။ စိုက်ချိန်ပျိုးချိန် ဆိုတော့ ကိုယ့်နယ်ကိုပြန်ပြီး အလုပ်ပြန်လုပ်ကြတယ်။ လယ်ချိန်၊ ယာချိန်တွေပြီးမှ ပြန်တက်လာကြတာဆိုတော့ ရေနံဈေးကောင်းနေပေမယ့် လုပ်သားရှားနေပါတယ်"ဟု မင်းလှမြို့နယ် တကိုင်းရေနံမှော်တွင် ရေနံတူးဖော်နေသူတစ်ဦးက ပြောပြသည်။

မိုးတွင်းကာလ လုပ်သားရှားပါး နေသည့်အတွက် တွင်းတူးလုပ်သား တစ်ဦးလျှင် နေစားခငွေကျပ် ၈ဝဝဝမှ ၁ဝဝဝဝထိပေးပြီး လုပ်ကိုင်နေရကြောင်း၊ စားစရိတ်၊ လုပ်သားစရိတ်နှင့်ဆိုလျှင် ရေနံဈေးကောင်းမှဆက်ပြီး တူးနိုင်မည်ဖြစ်ကြောင်း၊ ယခင်က ရေနံမှော်များတွင် အလုပ်လာရောက်လုပ်ကိုင်သူ တစ်သောင်းကျော်ထိရှိခဲ့ပြီး ယခုကဲ့သို့ မိုးတွင်းကာလတွင် လူဦးရေ ၄ဝဝဝ၊ ၅ဝဝဝခန့်သာ ကျန်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"မိုးတွင်းကာလဆို ရွာပြန်ပြီး ထွန်ယက် စိုက်ပျိုးကြရပါတယ်။ ကျွန်တော်တို့ဒေသက လူတွေက လယ်ချိန်၊ ယာချိန်ဆို ရွာပြန်လာပြီး ထွန်ယက်ကြသလို လယ်ချိန်၊ ယာချိန်ပြီးရင်တော့ ရေနံမှော်၊ ကျောက်မီးသွေးမှော်တွေကို ပြန်တက်ကြတယ်။ မိုးကာလမှာ နှမ်းသီးနှံကို အဓိကထားစိုက်ကြတယ်။ ကျန်တဲ့ရာသီတွေမှာ နွားစာလောက်ပဲ စိုက်ကြတာဆိုတော့ မိသားစုစားဝတ်နေရေး အတွက် နေ့စဉ်ဝင်ငွေရှိတဲ့ မှော်တွေကို တက်ပြီးအလုပ်လုပ်ကြပါတယ်"ဟု မင်းဘူးမြို့နယ် ပေါက်ပင်တွင်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger