www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 13, 2018

ပလတ်စတစ်အန္တရာယ် ပူးပေါင်းကာကွယ်


ဆောင်းပါး ၁၃-၈-၂ဝ၁၈

ပလတ်စတစ်ကို လူတို့အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိခဲ့ပြီဖြစ်သည်။ သည့်ထက်စောသည့် ကာလများကတည်းက တီထွင်ခဲ့ခြင်း ဖြစ်သော်လည်း လူထုအကြား၌ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြသည်မှာ ၁၉၆၀ ပြည့်လွန်ကာလ များတွင်ဖြစ်သည်။

နည်းပညာ မြင့်မားတိုးတက် လာသည်နှင့်အမျှ လူတို့၏ နေ့စဉ်ဘဝ နေထိုင်မှုတွင် ပလတ်စတစ်က တစ်ခုမဟုတ်တစ်ခုတွင် ပါဝင်နေပြီး အလွယ်တကူသုံးစွဲ၊ အလွယ်တကူ စွန့်ပစ်သည့် အလေ့အထများကြောင့် ပလတ်စတစ် ညစ်ညမ်းမှု ဖြစ်လာသည်။ ရေသန့်ဘူးများ၊ ကြွပ်ကြွပ်အိတ်များ၊ ငါးဖမ်းပိုက်များ၊ လူသုံးပစ္စည်း၊ အိမ်သုံး ပစ္စည်းအဟောင်းအမြင်းများ အပါအဝင် ပလတ်စတစ် အမှိုက်များစွာတို့က မြို့ရွာများ၏ အနီးတစ်ဝိုက်၊ အဝေးပြေး ကားလမ်း၊ ရထားလမ်းများ၏ နံဘေး၊ မြစ်ချောင်းအင်းအိုင်များ၏ ရေမျက်နှာပြင်များပေါ်၊ ရေလှောင်ကန်များ၊ ဆည်တမံများထဲမှာ၊ သစ်တောဥယျာဉ်များ၊ အပန်းဖြေကမ်းခြေများမှသည် ပင်လယ်သမုဒ္ဒရာများထဲ အထိ ရောက်ရှိနေပြီဖြစ်သည်။ ပလတ်စတစ် ညစ်ညမ်းမှုက မြေပြင်ပေါ်မှာရော ရေထဲမှာပါ ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။ စွန့်ပစ်ပလတ်စတစ်များကြောင့် မြေဆီလွှာပျက်စီးခြင်း၊ ရေအရည်အသွေး ကျဆင်းခြင်း၊ အပင်များပေါက်ရောက် ရှင်သန်မှုနှင့် သားငှက်တိရစ္ဆာန်များ၊ ကုန်းနေ၊ ရေနေ သတ္တဝါများ၏ ရှင်သန်မှုများတွင်ပါ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်လာသည်။

လူသားတို့နေ့စဉ် အသုံးပြုနေသည့် ပလတ်စတစ် ပစ္စည်းများ၏ ထက်ဝက်မှာ တစ်ခါသုံးများ ဖြစ်ကြသည်။ စွန့်ပစ်ပလတ်စတစ်များမှာ နေ၊ ရေနှင့် ပတ်ဝန်းကျင် ရာသီဥတု အခြေအနေများကြောင့် မျက်နှာပြင်များ ကြွပ်ဆတ်လာပြီး မိုက်ခရို အပိုင်းအစကလေးများ အဖြစ် ပြိုကွဲသွားကာ ရေလှိုင်းနှင့် လေတိုက်ခတ်မှုတို့ကြောင့် ပျံ့နှံ့မျောပါသွားကြသည်။ ယင်းဖြစ်စဉ် ဖြစ်ပေါ်ရန်အတွက် အချိန်ကာလမှာ များစွာ ကြာမြင့်သည်။ ပင်လယ်၊ သမုဒ္ဒရာများထဲသို့ မျောပါနေသော ပလတ်စတစ်အပိုင်းအစအမှုန် အမွှားများစွာတို့ကို ရေနေသတ္တဝါကြီးငယ် တို့က အစာအမှတ်ဖြင့် စားသောက်ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဝေလငါးတစ်ကောင် ပလတ်စတစ်အိတ်များ စားမိ၍ သေဆုံးသွားသော သတင်းတစ်ပုဒ်ကို တွေ့ရသည်။ ကမ္ဘာတစ်ဝန်း စွန့်ပစ်ပစ္စည်း ထွက်ရှိမှု၏ ၁၀ ရာခိုင်နှုန်းသည် ပလတ်စတစ်မှဖြစ်သည်။ ပလတ်စတစ်စွန့်ပစ် ပစ္စည်းအားလုံး၏ သုံးပုံတစ်ပုံသည် ကျွန်ုပ်တို့ကမ္ဘာကြီးနှင့် ရေကန်၊ မြစ်၊ ချောင်း၊ သမုဒ္ဒရာတို့တွင် အဆုံးသတ်ကြသည်။ နေ့စဉ်သုံးစွဲနေသော ပလတ်စတစ်၏ ၅၀ ရာခိုင်နှုန်းသည် တစ်ခါသုံးများ ဖြစ်ကြပြီး အများအားဖြင့် ရေသန့်ဘူးများနှင့် ကြွပ်ကြွပ်အိတ်များ ပါဝင်သည်။ တစ်မိနစ်တိုင်းမှာ ပလတ်စတစ်ဘူးတစ်သန်း ဝယ်ယူသုံး စွဲနေသည်။ လေ့လာမှုများအရ ကမ္ဘာတစ်ဝန်း ကြွပ်ကြွပ်အိတ် သန်းထောင်ပေါင်း ၅၀ဝ ကျော်နှစ်စဉ် ထွက်ရှိပြီး အနည်းဆုံးတန်ချိန် ရှစ်သန်းသည် ပင်လယ်သမုဒ္ဒရာများတွင် ရောက်ရှိ နေကြောင်း သိရှိရသည်။

ပလတ်စတစ်ကို အစားအစာများ ထုပ်ပိုးမှု ပြုလုပ်ရာတွင် အများဆုံး သုံးစွဲပြီး စုစုပေါင်း ပလတ်စတစ်သုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း၊ နှစ်စဉ်ကမ္ဘာပေါ်တွင် ပလတ်စတစ် အိတ်ဘီလီယံ ၅၀ဝ ခန့်ကို သုံးစွဲနေကြပြီး ၅၀ ရာခိုင်နှုန်းမှာ တစ်ခါသုံး ပလတ်စတစ်အိတ်များဖြစ်ကြောင်း၊ တစ်မိနစ်တိုင်း ပလတ်စတစ် ဘူးတစ်သန်းကို ဝယ်ယူသုံးစွဲပြီး ၂၀၁၆ ခုနှစ်တွင် ရေသန့်ဘူး ၄၈၀ ဘီလီယံကမ္ဘာ တစ်ဝန်းရောင်းချခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ပလတ်စတစ် ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ကမ္ဘာတစ်ဝန်း ပလတ်စတစ် ထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။ စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ပလတ်စတစ် အိတ်များ၊ ပလတ်စတစ်ဘူးများသည် ပင်လယ်သမုဒ္ဒရာ အတွင်းသို့ နှစ်စဉ်တန်ပေါင်း ၁၃ သန်းခန့်မျော ဝင်စီးဆင်းနေပြီး အမှိုက်ထုကြီးသဖွယ် စီးမျောနေသဖြင့် ရေနေသတ္တဝါများနှင့် ပင်လယ်ကူး သင်္ဘောများအတွက် ဘေးအန္တရာယ်ရှိသည်။ တစ်နည်းအားဖြင့် အဏ္ဏဝါဂေဟ စနစ်ကို ယိုယွင်းပျက်စီးစေသည်။

ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဘူးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကော်စေ့သည် သဘာဝသယံဇာတ ဖြစ်သည့် ရေနံစိမ်းမှ ထုတ်ယူသုံးစွဲရသဖြင့် သဘာဝ သယံဇာတ လျော့နည်းစေခြင်း၊ မိုးတွင်းအခါ စွန့်ပစ် ပလတ်စတစ်အိတ် များကြောင့် ရေမြောင်းများပိတ်ဆို့ပြီး ရေကြီးရေလျှံမှု များနှင့်အတူပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်းများ ဖြစ်စေသည်။ ထို့ပြင် အမှိုက်များ မြေမြှုပ်မှုနှင့်အတူ ပလတ်စတစ်အိတ်များ၊ ပလတ်စတစ်ဘူးများ မြေမြှုပ်ဖျက်ဆီးခြင်းကြောင့် အပင်မျိုးစေ့များ မထွက်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို ထိခိုက်စေသည်။ ပလတ်စတစ် အိတ်များဖြင့် အစားအစာများ ထုပ်ပိုးမှုကြောင့် ပလတ်စတစ်အိတ်များတွင် ပါရှိသည့် ခဲဓာတ်ကြောင့် ဆိုးကျိုးများကို ခံစားကြုံတွေ့စေမည်ဖြစ်သည်။ ပလတ်စတစ် သုံးစွဲမှု လျော့နည်းလာစေရေး အတွက် ယခင်ကတည်းက ထုပ်ပိုးလာသည့် အင်ဖက်၊ ငှက်ပျောဖက်များဖြင့် ထုပ်ပိုးမှုစနစ်ကို ပြန်ကျင့်သုံးရန်၊ အော်ဂဲနစ် ပလတ်စတစ်အိတ်များဖြင့် အစားထိုးသုံးစွဲရန်၊ တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ တစ်ခါသုံး ပလတ်စတစ်ဘူးများကို တစ်ခါသုံးစွဲခြင်းဖြင့် စွန့်ပစ်ခြင်း မပြုဘဲ ပြန်လည်သုံးစွဲရန်၊ တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ တစ်ခါသုံး ပလတ်စတစ်ဘူးများကို ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ကုန်ကြမ်းအဖြစ် ပြန်လည်သုံးစွဲသင့်သည်။

ပလတ်စတစ် ကြွပ်ကြွပ်အိတ်များကို မီးရှို့ဖျက်ဆီးလျှင် လူများကို အန္တရာယ်ဖြစ်စေသည့် ဓာတ်ငွေ့များ ထွက်ရှိနိုင်သည့်အတွက် လေထုညစ်ညမ်းမှု ဖြစ်စေသည့်အပြင် ယင်းအငွေ့များကို ရှူရှိုက်မိသည့် လူ၏သွေးနှင့် ဆီးထဲသို့ရောက်ရှိပြီး ကင်ဆာရောဂါဖြစ်စေနိုင်သည်။ ကြွပ်ကြွပ်အိတ်များတွင် ခဲဓာတ်နှင့် အဆိပ်ဓာတ်များ ပါဝင်သည့် ဓာတုပစ္စည်းများနှင့် အရောင်ဆိုးဆေးများကြောင့် ပူလောင်သည့် စားစရာများကို ကြွပ်ကြွပ်အိတ်တွင် ထည့်လျှင် ကြွပ်ကြွပ်အိတ်တွင်ပါဝင်သည့် အဆိပ်ဓာတ်များက အစားအစာများထဲသို့ ရောက်ရှိသွားပြီး စားမိလျှင်လူကိုများစွာ အန္တရာယ်ဖြစ်စေကြောင်း သိရှိရသည်။ ရေတွင်စွန့်ပစ်သည်ဖြစ်စေ၊ မြေတွင်စွန့်ပစ်သည်ဖြစ်စေ ပလတ်စတစ်ညစ်ညမ်းမှုက ရေရှည်ဆိုးကျိုးကို သက်ရောက်စေမည်ဖြစ်သည်။

ပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်း၊ ထုတ်လုပ်မှုကန့်သတ်ခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည် ထုတ်လုပ်ခြင်း တို့အပြင် ပလတ်စတစ်ကို ပျက်စီးလွယ်စေသော အမျိုးအစားများအဖြစ် ထုတ်လုပ်ခြင်း၊ နည်းပညာ အသုံးပြု၍ စွန့်ပစ်ပလတ်စတစ်များကို လျင်မြန်စွာဆွေးမြည့် ကြေပျက်စေခြင်း၊ နည်းလမ်းများကို အသုံးပြုကာ ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ကြိုးပမ်းနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း မြို့ရွာများနှင့် သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး၊ စွန့်ပစ်အမှိုက်များကြောင့် ပြည်သူတို့၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိခိုက်ယိုယွင်းမှုများ ကာကွယ်တားဆီးနိုင်ရေးတို့ အတွက်စွန့်ပစ် ပစ္စည်းများကို စနစ်တကျနှင့် ထိရောက်စွာ ဆောင်ရွက်ရေးတွင် ပြည်သူများပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ 

မြဝတီနေ့စဉ်သတင်းစာ စာ (၁၀)

မေယု-မျိုးအောင် (MANA)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger