www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 30, 2018

ပဲခူးမြို့ရေလွှမ်းနေမှု ခန့်မှန်းရက် ထက်စော၍ ရေစတင်ကျဆင်း





ရန်ကုန် ၃၀-၇-၂ဝ၁၈

ပဲခူးမြို့ပေါ်၌ ရေပြည့်ရေလျှံဖြစ်ပေါ်နေမှုသည် ဒုတိယဝါဆိုလပြည့်ကျော် ၄ ရက် (ဇူလိုင် ၃၁ ရက်)တွင် ရေစကျမည်ဟု ခန့်မှန်းထားသော်လည်း ယနေ့တွင် ၁ ပေခွဲခန့် စတင်ကျဆင်းနေပြီဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေထံမှ သိရသည်။

''ယခုပဲခူးမြို့ပေါ်ကို တက်နေတဲ့ရေက မှန်းထားတာကတော့ ဒုတိယ ဝါဆိုလပြည့်ကျော် ၄ ရက်မှ ရေစကျမယ်လို့ မှန်းထားပါတယ်။ မနေ့က အမြင့်ဆုံး ရေအမှတ် ၉၆၈ စင်တီမီတာထိမြင့်တက်ခဲ့ပါတယ်။ ရှိတာက စိုးရိမ်ရေ ရှိတာက စိုးရိမ်ရေ အမှတ်က ၈၈ဝ စင်တီမီတာဆိုတော့ စိုးရိမ်ရေ အမှတ်ထက် ၈၈ စင်တီမီတာ ကျော်ခဲ့ပါတယ်။ မနေ့ကထက် စာရင် ဒီနေ့လပြည့်ကျော် ၂ ရက်နေ့မှာရေက ၁ ပေခွဲလောက် ကျသွားပါတယ်။ ဒေသရဲ့ ခန့်မှန်းပြောဆိုချက် အရပေါ့။ ပင်လယ်ရေက လပြည့်ကျော် ၃ ရက်နေ့အထိပဲ တောင့်တာဖြစ်လို့ လပြည့်ကျော် ၄ ရက်နေ့ (ဇူလိုင် ၃၁ ရက်) ဆိုရင်တော့ ပင်လယ်ရေကျသွား တာနဲ့အတူ ရေလည်း စကျမယ်လို့ခန့်မှန်းထား ပါတယ်။ လက်ရှိမြေပြင်မှာ တော့ ဒီနေ့ကနေ ရေစကျနေပါပြီ။ ယခင်စိုးရိမ်ရတဲ့ အခြေအနေကနေ လျော့လာပါပြီ။ မရှိတော့ဘူး လို့တော့ ပြောလို့မရဘူး။ ရေကတော့ ရှိနေသေးတယ်။ ဒါပေမဲ့ ယခင်ထက်တော့ လျော့သွားပါတယ်'' ဟု ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ က ပြောသည်။

ယခုအချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးများအား ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့် ဒေသများသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်များ ခွဲဝေဆောင်ရွက်နေပြီဖြစ် ကြောင်း၊ ပဲခူးမြစ် တစ်လျှောက် ရေကာတာနှင့် ပဲခူးမြို့အား ဝန်းရံထားသော ရေကာတာ/ တမံများကို ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက လှည့်လည်ကြည့်ရှုစစ်ဆေးလျက်ရှိ ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ကွပ်ကဲရေးရုံး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက စီမံကွပ်ကဲနေပြီ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဝန်ကြီး ဦးအောင်ဇော်လှိုင်က ရွှေကျင်မြို့ကို အခြေပြု၍ လူဦးရေနှစ်သောင်းကျော်ခန့် ရေဘေး သင့်နေမှုအပေါ် ကယ်ဆယ်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေမှုများကို စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ သယံဇာတနှင့် သစ်တောရေးရာ ဝန်ကြီး ဒေါက်တာ စိုးညွန့်ဝင်း၊ လျှပ်စစ်ဝန်ကြီး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးမြို့အား ကာရံ ထားသော ရေကာတာများနှင့် တမံများ/ ကယ်ဆယ်ရေး စခန်းများသို့ လိုက်လံကြည့်ရှု စစ်ဆေးပြီး မြေပြင်တွင် ဆောင်ရွက်နေသော အဖွဲ့များနှင့် ပေါင်းစပ်ကာ ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။

''ကျွန်တော်က ပဲခူးမြစ်ဘေးတစ်လျှောက် မှာရှိတဲ့ ရေကာတာတွေ ကြံ့ခိုင်မှုအပိုင်းကို တာဝန်ယူထားတာပေါ့။ ပဲခူးမြို့မှာ ဆိုရင် ပဲခူးမြစ်ဘေးက တာတွေ၊ ရွာဝိုင်း ၁၆ လမ်း/ ၇ လမ်းမှာရှိတဲ့တာတွေ၊ ရေကာတာ တွေကိုလိုက်ကြည့်နေပါတယ်။ လိုအပ်ရင် လူအင်အားထည့်ပြီး ဆောင်ရွက်ရမှာပါ။ ကယ်ဆယ်ရေးစခန်းတွေ၊ ကွပ်ကဲရေးရုံးတွေ ကိုလည်းလိုက်ကြည့်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့အစိုးရ အဖွဲ့အနေနဲ့ မြေပြင်မှာ လုပ်ကိုင်နေကြတဲ့အဖွဲ့တွေနဲ့ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်တာပေါ့။ ပဲခူးမြို့ကို ကယ်ဆယ် ရေးအတွက် ဝင်လာတဲ့ ထောက်ပံ့ပစ္စည်းတွေ အချိန်မီရေဘေးသင့်ပြည်သူတွေထံရောက်အောင် ဖြန့်ဝေနိုင်ဖို့ ပေါင်းစပ် ဆောင်ရွက်ပေး တာပါ'' ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ထပ်မံပြောသည်။

''ရေကတော့အရှိန်မသေသေးဘူးပေါ့။ ညက ရေကိုတိုင်းကြည့်တဲ့အခါမှာ ရေက ၆ လက်မအထက်တော့ လျော့ လာ ပါတယ်။ ကျွန်တော်တို့ ပဲခူးမြို့က ဒယ်အိုးပုံသဏ္ဌာန်ရှိပါတယ်။ အပေါ်မှာက တောင်တွေနဲ့ပဲခူးရိုးမ ရှိပြီး အနောက်မှာက မြစ်တွေရှိတယ်။ မြစ်က လဆန်းရက်တွေမှာဒီရေတက်ပါတယ်။ မိုးကလည်းရွာတယ် နှစ်ခု ပေါင်းတော့ ရေလျှံထွက် သွားတာပေါ့။မိုးအရမ်းများလာရင် ပဲခူးဆည်က ကျိုးမှာကြောက်တဲ့အတွက် ရေလွှတ်ရင် တော့ ဒီထက်ရေတက်လာမလားဆိုတာ စိုးရိမ် စရာတော့ရှိတယ်။ အခုထိတော့ ဘာမှမကြေညာသေးတဲ့အတွက် အခြေအနေ ကောင်း တယ်လို့ယူဆရမှာပါ'' ဟု ပဲခူးမြို့ဒေသခံ ဦးစံသိန်းကပြောသည်။

ပဲခူးမြို့ပေါ်သို့ ဇူလိုင် ၂၅ ရက်မှစတင် ကာရေများတက်လာခဲ့ပြီး ယခုအချိန်တွင် ပဲခူးမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများဖြစ်သော အနောက်ရွှေနံသာတွင် အိမ်ထောင်စု ၈၉၂ စု၊ မင်္ဂလာဇေယုံတွင် အိမ်ထောင်စု ၁၆၆ စု၊ သီရိဇေယျာတွင် အိမ်ထောင်စု ၁၂၂ စု၊ အောင်ရတနာတွင် အိမ်ထောင်စု ၂၂ စု၊ စက်ကုန်းတွင် အိမ်ထောင်စု ၁ဝ စု၊ မီးရထား နယ်မြေ(၉)(၁ဝ)တို့တွင် အိမ်ထောင်စု ၁၇၁ စု ရှိကာ စုစုပေါင်း အိမ်ထောင်စု ၁၃၈၃ စုတွင် လူဦးရေ ၇၁၈၂ ဦး ရှိကြောင်း၊ ပဲခူးတစ်မြို့နယ်လုံး အနေဖြင့် ရေဘေး ကယ်ဆယ်ရေးစခန်း ၃၁ ခုရှိပြီး စုစုပေါင်းလူဦးရေ ၂၅၇၂၃ ဦး ရှိကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger