www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 30, 2018

မြိတ်ခရိုင်အတွင်း ရေကြီးရေလျှံမှုများကြောင့် လယ်ဧက ၄ဝဝဝ ကျော် ရေနစ်မြုပ်



မြိတ် ၃၀-၇-၂၀၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း မြို့နယ်အချို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာ လယ်ဧက ၄ဝဝဝ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်၌ လယ်ယာမြေ ၆၁၁ ဧက၊ ပုလောမြို့နယ်၌ ၂၄၈၅ ဧက၊ ကျွန်းစုမြို့နယ်၌ ဧက ၅ဝ၊ တနင်္သာရီ မြို့နယ်၌ ၁၅၄၄ ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး ပုလော၊ ကျွန်းစုနှင့်မြိတ်မြို့နယ်တို့၌ လယ်မြေများ ပြန်ပေါ်သွားပြီ ဖြစ်သော်လည်း တနင်္သာရီမြို့နယ်ရှိ လယ်မြေများမှာ ပြန်မပေါ်သေးဘဲ ရေနစ်မြုပ်နေဆဲဖြစ်သည်။

''ရေမြုပ်တာက ပုလောက အများဆုံးမြုပ်တယ်။ဒါပေမဲ့ အားလုံးပြန်ပေါ်ကုန်ပြီ။ ထိခိုက်ဆုံးရှုံးမှုတွေကို စစ်တမ်းကောက်နေတယ်။ ကျွန်းစုမှာ နှစ်ဧက လုံးဝပျက်စီးသွားတယ်။ ပြန်မပေါ်သေးတာက တနင်္သာရီမြို့နယ် ကျေးရွာ ၁၅ ရွာမှာ တောင်သူ ၃၇၆ ဦး၊ ကွင်းပေါင်း ၄၉ ကွင်း၊ ဦးပိုင် ၄၂၄၊ နစ်မြုပ်ဧက ၁၅၄၄ ဧကရှိတယ်''ဟု မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးသိန်းစိုး ကပြောသည်။

မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပျက်စီးဆုံးရှုံးသည့် လယ်မြေဧကများကို စစ်တမ်းကောက်ယူနေပြီး ထိခိုက်နစ်နာသူများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ထောက်ခံချက်ဖြင့် ခရိုင်မှတစ်ဆင့် တိုင်းဒေသကြီး အစိုးရပြည်ထောင်စု အစိုးရထံ တင်ပြပေးသွားမည် ဖြစ်သည်။

''ခရိုင်အနေနဲ့ကျတော့ အတည်ပြုပေးတယ်။ စာရင်းကောက်ပြီး တင်ပေးမယ်။ ပြီးရင်ပျက်စီး နစ်မြုပ်သွားတဲ့ လယ်တွေကို ပြန်လည်စိုက်ပျိုးနိုင်အောင် နည်းပညာတွေ ပံ့ပိုးပေးသွားမယ်။ မျိုးစပါးတို့ စိုက်ပျိုးစရိတ်တို့ကတော့ တိုင်းဒေသကြီး အစိုးရတို့ ပြည်ထောင်စု အစိုးရတို့က လုပ်ပေးနိုင်တယ်။ ခရိုင်အနေနဲ့ကျတော့ ဒါတွေပံ့ပိုးနိုင်တဲ့ အင်အား မရှိဘူးလေ''ဟု ဦးသိန်းစိုးက ပြောသည်။

မြိတ်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်၌ စိုက်ပျိုးမြေဧက စုစုပေါင်း ၁၂၄၄၇၆ ဧကရှိပြီး အမှန်တကယ် စိုက်ပျိုးသည့် မြေဧက ၇၁ဝ၈ဝ ရှိကာ ကျေးရွာ ၃၄ ရွာမှ တောင်သူ၉၂ဝ ဦး၏ စိုက်ပျိုးလယ်ဧက ၄၆၉ဝ ရေကြီးနစ်မြုပ်ခဲ့ကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger