www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 25, 2018

မိုးကူလေဖျက်ရေကတက် ခက်ဘိဘေးအန္တရာယ်


အယ်ဒီတာ့အာဘော် ၂၅-၇-၂ဝ၁၈

မြန်မာနိုင်ငံအတွင်း ၂ဝ၁၈ ခုနှစ် မုတ်သုံဝင်ရောက် ချိန်မှစ၍ အဆက်မပြတ်ရွာသွန်း သောမိုးကြောင့် နေရာဒေသ အချို့တွင် မြေပြိုမှု၊ လေပြင်းတိုက်ခတ်မှုနှင့် ချောင်းရေ၊ မြစ်ရေတက်မှုတို့နှင့် တွေ့ကြုံ ကြရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုကြောင့် မြေစာပုံပြိုကျသဖြင့် လူ ၁၉ ဦး သေဆုံးသည်။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ဇူလိုင် ၁၉ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသို့ သွားရာလမ်း သောတာပန် ရပ်ကွက်အတွင်းရှိ နှစ်ပေါင်း ၁ဝဝ ကျော်က တည်ဆောက်ထားသော ပါဠိကာရီဘုန်းတော်ကြီး ကျောင်းတိုက် အနောက်ဘက် အုတ်တံတိုင်း ပြိုကျသွားသော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၅ ရက်ကကျင်းပမည့် ယူ-၁၉ လူငယ်အမှတ်ပေး ဘောလုံးပွဲစဉ်မှ စစ်ကိုင်းယူနိုက် တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကြမည့် ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး သြဂုတ် ၆ ရက်တွင် ပဒုမ္မာကွင်း၌ ပြန်လည်ကျင်းပမည် ဖြစ်သည်။ ဇူလိုင် ၂၂ ရက် ညနေပိုင်းတွင် ၂ဝ၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲမှ ပွဲစဉ်(၁၃)လက်ကျန်ပွဲဖြစ်သည့် ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်းတို့ YUSC ကွင်း၌ ယှဉ်ပြိုင် ကစားနေကြစဉ် ပထမပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းအတွင်း ရေဝပ်သွားရာ ပြိုင်ပွဲဆက်လက် ကျင်းပရန် မဖြစ်နိုင် တော့သဖြင့် ရပ်ဆိုင်းလိုက်ရပြီး ထပ်မံကျင်းပ မည့်ပြိုင်ပွဲကို စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေသည် ဇူလိုင် ၁၇ ရက် နံနက် ၆ နာရီတွင် ၁၉ ပေ ၆ လက်မအထိ မြင့်တက်လာပြီး စိုးရိမ်ရေမှတ်ရောက်ရန် ၂ ပေခန့်သာ လိုတော့သဖြင့် တနင်္သာရီမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့မှ ဒေသခံပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်း ပေးလိုက်ရသည်။ တနင်္သာရီမြစ်ရေသည် ဇူလိုင် ၂ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲ ခန့်တွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်၍ ၂၆ ပေ ၂ လက်မသို့ ရောက်ရှိလာသဖြင့် ရေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများအိမ်နှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်း ပေးလိုက်ရသည်။

ရေဘေးသင့်ပြည်သူများအား တပ်မတော်သားများက ဇူလိုင် ၂၁ ရက်တွင် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး သွားလာမှု အဆင်ပြေစေရန် ဖိုက်ဘာလှေများဖြင့် ပို့ဆောင်ပေးကြသည်။ တနင်္သာရီမြစ်ရေ လျှံမှုကြောင့် ဇူလိုင် ၁၅ ရက်မှ ၂ဝ ရက်အထိ နီးစပ်ရာဆွေမျိုးများအိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင် ကြရသူဦးရေမှာ အိမ်ထောင်စု ၅၅၃ စုမှ အမျိုးသား ၁၄၅၇ ဦး၊ အမျိုးသမီး ၁၃၈၅ ဦး စုစုပေါင်း ၂၈၄၂ ဦးဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်း ဇူလိုင် ၂၁ ရက်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းပါး ရေတိုက်စားသဖြင့် ဆင်တဲကျေးရွာအုပ်စု စန်းပေါက်ချောင်းကျေးရွာ အနီးကမ်းပါးပြိုကျမှု ဖြစ်ပေါ် ခဲ့သည်။ ကမ်းပါးပြိုကျမှုကြောင့် အနီးရှိနေအိမ် နှစ်လုံးသည် အန္တရာယ်ကျရောက် နိုင်သဖြင့် ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ၎င်းမိသားစုများအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်သို့ ကူညီရွှေ့ပြောင်း ပေးကြပြီး နေအိမ်များရွှေ့ပြောင်းဆောက်လုပ်ရာတွင် ကူညီဆောင်ရွက် ပေးကြသည့်အပြင် ဆန်နှစ်အိတ် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်အတွင်း မဲခင်ချောင်းကျေးရွာနှင့် နန်းတော်ကျွန်း ကျေးရွာတို့၌ ဇူလိုင် ၂၁ ရက်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အမိုးလန်သွားသည့် နေအိမ်အလုံး ၇ဝ နှင့် ပြိုကျပျက်စီး သည့်နေအိမ် ၃၂ လုံးရှိသော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမ ရှိကြောင်းသိရသည်။ လေဘေးသင့် ပြည်သူများအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးကြကြောင်း သိရသည်။ ဖျာပုံခရိုင် အမာမြို့နယ်(ခွဲ)ရှိ အမှတ်(၁) ရပ်ကွက်နှင့်ခတ္တာကျွန်း ကျေးရွာတို့တွင် ဇူလိုင် ၂ဝ ရက် နံနက် ၄ နာရီခွဲက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၈ လုံးပြိုကျပျက်စီးသွားပြီး ဆိပ်ကမ်းကပ်ထားသည့် စက်လှေတစ်စင်း နစ်မြုပ်သွားသည်။ လေဘေးသင့် ပြည်သူ၁၃၈ ဦးတို့အား ကျေးလက်ကျန်းမာရေး ဌာန (ခွဲ) နှင့် စာသင်ကျောင်းများသို့ ခေတ္တရွှေ့ပြောင်းနေရာ ချပေးထားကြောင်း သိရသည်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်ချီးနှင့်လိုခါးကျေးရွာ သွားကားလမ်းပေါ်၌ ဇူလိုင် ၂၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် လမ်းဘေးကမ်းပါးယံမှ အကျယ်ပေ ၃ဝ ခန့် မြေပြိုကျသဖြင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည်ကို တပ်မတော်သားများ သွားရောက်၍ မြေသားများရှင်းလင်းခြင်းနှင့် ရေတိုက်စားပျက်စီး သွားသည့်နေရာများအား ပြန်လည်ပြုပြင်ပေးသဖြင့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာ နိုင်ကြပြီဖြစ်သည်။

သို့ဖြစ်၍ မုတ်သုံကာလအလယ်သို့ ရောက်ရှိနေသော ယနေ့အချိန်တွင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာ ကြစေရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပေးသောသတင်းများကို အချိန်နှင့် တစ်ပြေးညီသိအောင် စောင့်ကြည့်နားထောင်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

မြ၀တီနေ့စဉ်သတင်းစာ စာ (၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger