www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 15, 2018

ကသာမြို့၌ မိုးဆက်တိုက် ရွာသောကြောင့် ကသာ-ပုလွေရွှေကူးတို့ဆိပ်သို့ ခရီးသွား လာရောက်မှုနည်းပါး



ကသာ ၁၅-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့၌ မိုးဆက်တိုက် ရွာသွန်းသောကြောင့် ကသာ-ပုလွေရွှေ ကူးတို့ ဆိပ်ကမ်းသို့ ခရီးသွားလာရောက်မှု နည်းပါးလျက်ရှိကြောင်း ပုလွေရွှေကူးတို့ ဆိပ်ကမ်းဖြတ်ကူး လုပ်ငန်းမှ သိရသည်။

ကသာ-ပုလွေရွှေ ကူးတို့ဆိပ်ကမ်းမှာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများဖြစ်သော ဒုံးအော့၊ ကူးကာ၊ စက်ဆုတ်၊ ဘွတ်၊အင်းဒရန့်၊ ဆင်ကုန်း၊ ဖိုးသာအောင်၊ ပိုးဇာကုန်း၊ ရွာသစ်ကျေးရွာတို့မှ ဒေသခံများ အဓိကအသုံးပြုသော ရေလမ်းဖြစ်ကြောင်း သိရသည်။

"ပွင့်လင်းရာသီဆို တစ်ရက်ကို အဝင်အထွက်ခေါက်ရေ ၂ဝကျော် သွားလာပေမယ့် အခုမိုးရွာနေတော့ ၁ဝ ခေါက်လောက်ပဲ အဝင်အထွက်ရှိတယ်။ ရေတိုးလာလို့ ရေကြောင်း ကောင်းလာရင် ကိုယ်ပိုင် စက်တပ်လှေနဲ့ လာကြရင် ကူးတို့ခဝင်ငွေ နည်းသွားမယ်။ သွားလာရေး အဆင်ပြေစေဖို့ ကျွန်တော်တို့ကတော့ ကသာပုလွေရွှေမြစ်ကူး တံတားဆောက် စေချင်ပါတယ်"ဟု ကသာမြို့နယ် စည်ပင်သာယာရေး ကော်မတီကသာ ပုလွေရွှေမြစ် ဖြတ်ကူးခ ကောက်ခံသူ ဦးစိုးလွင်က ပြောပြသည်။

ကသာ-ပုလွေရွှေ ကူးတို့ဖြတ်ကူးခမှာ လူတစ်ဦးလျှင် ငွေကျပ် ၃ဝဝ၊ စက်ဘီးတစ်စီးလျှင် ငွေကျပ် ၂ဝဝ၊ ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၅ဝဝ၊ ကုန်တစ်ပိဿာလျှင် ငွေကျပ် ၃ဝ၊ ဓာတ်ဆီတစ်ဂါလန်လျှင် ငွေကျပ် ၃ဝ၊ ဆီတစ်ပုံး လျှင်ငွေကျပ် ၅ဝဝ၊ သကာရည်တစ်စည်လျှင် ငွေကျပ် ၁ဝဝဝ၊ ကျွဲ၊ နွားတစ်ကောင်လျှင် ငွေကျပ် ၁၅ဝဝ၊ ဆီပီပါတစ်လုံးလျှင် ငွေကျပ် ၁၂ဝဝ၊ ဆန်တစ်အိတ်လျှင် ငွေကျပ် ၄ဝဝ၊ ပဲတစ် အိတ်လျှင် ငွေကျပ် ၄ဝဝဖြင့်ဖြတ် ကူးခ ကောက်ခံကြောင်း သိရသည်။

ကသာ-ပုလွေရွှေ ကူးတို့ဆိပ်ကမ်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံဆရာ၊ ဆရာမများကို တစ်ရက်လျှင် ခြောက်ခေါက်မျှ အခမဲ့ကြိုပို့ ပေးလျက်ရှိပြီး ကသာမြို့တွင် ဧရာဝတီမြစ်အလျား လိုက်ဖြတ်ကူးသည့် ကူးတို့ လိုင်းပေါင်း ၂၃ လိုင်းရှိကြောင်း ပုလွေရွှေကူးတို့ ဆိပ်ကမ်းဖြတ်ကူးလုပ်ငန်းမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger