www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 21, 2016

မကူးစက်တတ်သော ရောဂါဘယများ ကင်းဝေးစေရေး


မကူးစက်တတ်သော ရောဂါဘယများ ကင်းဝေးစေရေး

ဒေါက်တာ မင်းစိုးဦး

မကူးစက်တတ်သော ရောဂါများ (Non-communicable diseases) ဆိုသည်မှာ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက် ပြန့်ပွားခြင်းမျိုး မဟုတ်ဘဲ လူတစ်ဦးချင်း စီ၏ ကျန်းမာရေး နှင့်ညီညွတ်မှု မရှိသော လူနေမှုစရိုက် လက္ခဏာ များကြောင့် ဖြစ်ပေါ် လာရသည့် ရောဂါများ ဖြစ်ကြသည်။ ၄င်းတို့မှာ ဆီးချိုသွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံး သွေးကြောကျဉ်း သည့်ရောဂါ အပါအဝင် နှလုံးရောဂါများ၊ သွေးတွင်း အဆီဓာတ် များခြင်းနှင့် အဆုတ်၊ အူမကြီးနှင့် ရင်သားကင်ဆာ ရောဂါများ စသည်တို့ ဖြစ်ကြသည်။ ယခုအခါ ကမ္ဘာပေါ်တွင် သာမက မြန်မာနိုင်ငံတွင်ပါ မကူးစက် တတ်သော ရောဂါများ ဖြစ်ပွားမှုနှုန်း မြင့်မားလာ နေသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့တစ်ဝန်း လုံးတွင် မကူးစက် တတ်သော ရောဂါများကြောင့် လူဦးရေ ၃၆ သန်းခန့်မှာ နှစ်စဉ်သေဆုံး နေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လေ့လာတွေ့ရှိ ဖော်ထုတ် ထားသည်။ 
မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်အတွင်း သေဆုံးသူ ၄၄၁ဝဝဝ ဦး၏ ၅၉ ရာခိုင်နှုန်းမှာ မကူးစက် တတ်သော ရောဂါများကြောင့် သေဆုံးကြ ရသည်။ ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသော လူနေမှုစရိုက် လက္ခဏာ များတွင် ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်း၊ အဝလွန်ကဲခြင်း၊ ဆေးလိပ် သောက်ခြင်း ၊ အရက် အလွန်အကျွံ သောက်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသော အစားအစာများကို စားသောက်ခြင်း စသည်တို့ ပါဝင်ကြသည်။ ထိုကဲ့သို့သော လူနေမှုစရိုက် လက္ခဏာများကို ရှောင်ရှားကာ အောက်တွင် ဖော်ပြထားသည့် အလေ့အထ များကို ဆောင်ကြဉ်းကြခြင်း အားဖြင့် မကူးစက် တတ်သော ရောဂါများ ဖြစ်ပွားလာမှုမှ ကာကွယ်တားဆီး နိုင်ကြပေမည်။

ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထများ

(က) နံနက်စာပုံမှန်စားသောက်ခြင်း

နံနက်စာကို အချိန်မှန်မှန် စားသုံးပေးသင့် ပါသည်။ အချို့မှာ အကြောင်း အမျိုးမျိုးကြောင့် နံနက်စာကို စားသောက်မိခြင်း မရှိတတ်ကြ။ နံနက်စာ ပုံမှန် စားသောက်သည့် စာသင်သား များနှင့် မစားသုံး ဖြစ်သည့် စာသင်သား များကို နှိုင်းယှဉ်လေ့လာ ကြည့်ရာ ပုံမှန် စားသောက်သည့် သူများသည် မှတ်ဉာဏ်ပိုမို ကောင်းမွန်ကြပြီး သင်ယူ တတ်မြောက်မှု ပိုမိုလွယ်ကူ သည်ကို တွေ့ရှိကြ ရသည်။ ထို့ပြင် နံနက်စာ စားသောက်ခြင်း မရှိသော သူများသည် သရေစာများကို ပိုမို စားသောက်မိလေ့ ရှိသောကြောင့် အဝလွန်ခြင်းကို  ဖြစ်စေနိုင်သည်။ နံနက်စာပုံမှန် စားသောက် ပေးခြင်းဖြင့် အဝလွန်ခြင်းမှ ကာကွယ်ပေးကာ ဆီးချိုသွေးချို ရောဂါဖြစ်ပွားမှု နှုန်းကို ထက်ဝက်ခန့် လျှော့ချပေး နိုင်ပါသည်။

(ခ) အစားအစာကို သင့်တင့်မျှတစွာ စားသောက်ခြင်း

အငန်၊ အချို၊ အဆိမ့်၊ အဆီရွှဲသော အစားအစာ များနှင့် အသင့်စားရန် ပြုလုပ်ထားသော တာရှည်ခံ အစားအစာ များကို လွန်ကဲစွာ စားသောက်ခြင်းမှ ရှောင်ကြဉ်ရ ပါမည်။ ထို့ပြင် အဝလွန်ခြင်း မဖြစ်စေရန် အစာစားသည့် အခါတွင် အငမ်းမရ အလောတကြီး မစားသုံးဘဲ ဖြည်းညင်းစွာ စားသင့်သည်။ ရုပ်မြင်သံကြား ကြည့်ရင်း အစာ စားသောက်ခြင်းနှင့် ညအိပ်ရာဝင် ခါနီး အစာစားခြင်း တို့ကို ရှောင်ကြဉ်ကာ အသီးအနှံ၊ ဟင်းသီးဟင်းရွက် များကို ပိုမိုစားသောက် ပေးခြင်းတို့သည် ကိုယ်အလေးချိန် အလွန်အမင်း တိုးလာခြင်း မရှိစေရန် ထိန်းပေးထားသော အမူအကျင့် ကောင်းများပင် ဖြစ်ကြသည်။

(ဂ) ညဘက်တွင်လုံလောက်စွာ အိပ်စက်အနားယူခြင်း

ကျန်းမာရေးကို အထောက်အကူ ပြုသော လုံလောက်သည့် အိပ်စက်ချိန်နှင့် ပတ်သက်၍ ယူဆချက် အမျိုးမျိုး ထွက်ပေါ်ခဲ့ ဖူးသည်။ သို့သော် နောက်ဆုံး သုတေသနများ အရ သာမန် လူတစ်ဦးအဖို့ ညဘက်အိပ်ချိန် ၇ နာရီနှင့် ၈ နာရီအကြား ရှိသင့်ကြောင်း လေ့လာတွေ့ရှိ လာရသည်။ တစ်ညတာ အိပ်စက်ချိန် ငါးနာရီထက် လျော့နည်းသော သူများသည် အစာပိုမို စားသောက်မိတတ် သောကြောင့် အဝလွန်ခြင်းကို ဖြစ်စေတတ် ပါသည်။ အဘယ်ကြောင့် ဆိုသော် စားသောက်ချင် စိတ်ကို ထိန်းချုပ်ပေးသော Leptin ဟော်မုန်းထွက်ရှိမှု ပမာဏမှာ အိပ်ရေးပျက်သူ များတွင် လျော့ကျသွား သောကြောင့် ဖြစ်သည်။

ထို့ပြင် အိပ်ရေးပျက် သူများ၌ှStress ဟော်မုန်း ပိုမိုထွက်ရှိ လာပြီး သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေကာ ရေရှည်တွင် ဆီးချိုသွေးချို ရောဂါ ဖြစ်စေတတ်သည်။ အမေရိကန် ပြည်ထောင်စု၌ ၂ဝဝ၉ ခုနှစ်တွင် ပြုလုပ်သည့် သုတေသန တစ်ခုအရ ညဘက်အိပ်ချိန် ခုနစ်နာရီထက် လျော့နည်းသော သူများမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါ သုံးဆခန့်ပိုမို ဖြစ်ပွားသည်ကို တွေ့ရှိရသည်။ ထို့အတူ အိပ်ရေးမဝ သူများမှာ အာရုံစူးစိုက်နိုင်မှု စွမ်းအား နည်းပါးသွားခြင်း၊ မှတ်ဉာဏ် လျော့နည်းကျဆင်း သွားခြင်းနှင့် မတော်တဆ ထိခိုက်ဒဏ်ရာများ ရရှိတတ်ခြင်း တို့ကို ကြုံတွေ့ရတတ် သဖြင့် ညဘက် အိပ်ရေးဝဝ အိပ်စက်အနားယူ သင့်ကြသည်။

(ဃ) ပျော်ရွှင်စွာနေထိုင်တတ်ခြင်း

စိတ်နှလုံးရွှင်ပျစွာ နေထိုင် တတ်ခြင်းသည် မိမိ ပတ်ဝန်းကျင်ရှိ သူများကို စိတ်ချမ်းမြေ့ စေရုံမျှမက မိမိ ကျန်းမာရေး အတွက်ကိုပါ များစွာ အထောက်အကူပြု စေပါသည်။ ပျော်ရွှင်နေသော သူတစ်ဦးတွင် ကျန်းမာရေးကို ထိခိုက်စေသော Stress ဟော်မုန်းများ ထွက်ရှိမှု နည်းပါးသဖြင့် အဝလွန်ခြင်း၊ ဆီးချိုသွေးချို ရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါများ ဖြစ်ပွားနိုင်ခြေကို များစွာလျော့ကျ စေပါသည်။ ထို့ပြင် ကိုယ်ခံအား စနစ်ကိုလည်း ပိုမိုကောင်းမွန် စေသည်။ ပျော်ရွှင်စွာ နေထိုင်တတ်သူ များသည် အကောင်းမြင် ဝါဒီများ ဖြစ်နေလေ့ ရှိသောကြောင့် ကျန်းမာရေး ကိုလည်း ပိုမိုလိုက်စား တတ်ကြသည်။ ပြုံးပျော် နေသူများသည် မျက်မှောင်ကုတ်ထား သူများထက် မျက်နှာ ကြွက်သားများ တောင့်တင်းမှုကို လျော့ပါးစေသဖြင့် မျက်နှာ အရေးအကြောင်း များဖြစ်ပွားမှုကို လျှော့ချပေးကာ နုပျိုသော ရုပ်သွင်ကို ဆောင်ယူစေ နိုင်ပါသည်။

( င ) ဒေါသပြေပျောက်လွယ်ခြင်း

ဒေါသမီးသည် ပူလောင်သည်။ မိမိပတ်ဝန်းကျင်ရှိ သူများကို စိတ်ညှိုးနွမ်း စေရုံသာမက မိမိကိုယ်တိုင် ကိုလည်း လောင်မြိုက် စေပါသည်။ ဒေါသကို သတိဖြင့် စောင့်ကြည့်ကာ ဖြေဖျောက်တတ်ရန် လိုအပ်သည်။ ဒေါသကို ချုပ်တည်းထား ရသော်လည်း စိတ်ခံစားမှု တမြည့်မြည့် ဖြစ်ပေါ် နေခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်။ ဒေါသ ရေရှည်ဖြစ်ပေါ် နေခြင်းဖြင့် နှလုံးခုန်နှုန်း ကိုမြန်စေသည်၊ နှလုံးခုန် မမှန်ခြင်းကို ဖြစ်စေသည်၊ သွေးပေါင်ချိန်ကို တက်စေသည်၊ သွေးတွင်း အဆီဓာတ်ကို များပြားစေကာ သွေးကြောများကိုပိတ်စေသည်။ နှလုံးသွေးကြော ပိတ်ပါက ရုတ်တရက် သေဆုံးမှုကို ဖြစ်စေသည်။ ဒေါသ တမြည့်မြည့် ကျွမ်းလောင်မှုကို ပြေပျောက် စေသော နည်းလမ်းအချို့မှာ မိမိဆွေမျိုး မိတ်သင်္ဂဟ အပေါင်း အသင်း တို့ကို ရင်ဖွင့်ခြင်း၊ မိမိခံစားရ သမျှကို စာရွက်ပေါ်တွင် ချရေးခြင်းနှင့် ဝင်လေ၊ ထွက်လေ ရှူမှတ်ခြင်း စသည်တို့ ဖြစ်ကြသည်။

(စ) အထိုင်များချိန်ကိုလျှော့ချခြင်း

ယခုအခါ ခေတ်မီ နည်းပညာများ တိုးတက် ထွန်းကား လာသောကြောင့် မော်တော်ယာဉ်များ၊ ဆက်သွယ်ရေး မိုဘိုင်းလ်ဖုန်းများ၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ အင်တာနက် နှင့် ဗီဒီယိုဂိမ်းများ စသည်တို့ ပေါ်ထွက် လာကြသည်။ ထိုအခါ သွားလာလှုပ်ရှား တတ်သည့် အလေ့အထများ နည်းပါးသွား ရတော့သည်။ ရေကူးခြင်း၊ ဘောလုံးကန်ခြင်း၊ စိန်ပြေးတမ်း ဆော့ခြင်းတို့ နေရာတွင် ရုပ်မြင်သံကြား ကြည့်ရှုခြင်း၊ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုခြင်း နှင့် ဗီဒီယိုဂိမ်းများ ဆော့ကစားခြင်း တို့က အစားထိုး ဝင်ရောက် လာကြသည်။ ထိုအခါ တစ်နေ့တာတွင် ထိုင်နေသော အချိန်များ ပိုမိုများပြား လာရသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု၌ ပြုလုပ်သော သုတေသန တစ်ရပ်အရ တစ်နေ့လျှင် လေးနာရီနှင့် အထက် အထိုင်များ သူများသည် တစ်နေ့လျှင် နှစ်နာရီနှင့် အောက် ထိုင်လေ့ရှိသူ များထက် နှလုံးရောဂါ ဖြစ်ပွား သေဆုံးမှု အခွင့်အလမ်း ၄၆ ရာခိုင်နှုန်း ပိုမိုကြောင်း တွေ့ရှိခဲ့ရသည်။ အဘယ်ကြောင့် ဆိုသော် အထိုင်များသူ များတွင် အဆီများစုပုံခြင်း၊ အဝလွန်ခြင်းနှင့် သွေးတွင်း အဆီဓာတ် ပိုမိုများပြား စေခြင်းတို့ကို ဖြစ်စေ သောကြောင့်ပင်။ အထိုင်များခြင်းကို လျှော့ချရန် ကိုယ်လက်လှုပ်ရှား မှုများကို ပုံမှန်ပြုလုပ်ပေး ရမည်။

(ဆ) ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးခြင်း

ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်း အမျိုးအစား သုံးမျိုးရှိသည်။ ၄င်းတို့မှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အေရိုးဗစ် လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် အေရိုးဗစ် မဟုတ်သော လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ ဖြစ်ကြသည်။ သွေးပူ လေ့ကျင့်ခန်း ဆိုသည်မှာ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ချိန်နှင့် ပြုလုပ်ပြီးချိန် များတွင် ကြွက်သားများ နာကျင် ကိုက်ခဲမှု မရှိစေရန် ပြုလုပ်ပေးရသော လေ့ကျင့်ခန်းများ ဖြစ်သည်။ ခေါင်း၊ ခါး၊ ခြေ၊ လက်လှုပ်ရှားမှုများ ပါဝင်သည်။ အေရိုးဗစ် မဟုတ်သော လေ့ကျင့်ခန်းများမှာ အလေးမခြင်းနှင့် မီတာ ၁ဝဝ ပြေးခြင်း စသည်တို့ ဖြစ်ကြသည်။ ၄င်း လေ့ကျင့်ခန်း များမှာ ကြွက်သားများ သန်မာကြီးထွား စေရန် ပြုလုပ်ပေးသော လေ့ကျင့်ခန်းများ ဖြစ်ပြီး ကိုယ်ခန္ဓာ အတွင်း အဆီဓာတ်ကို လျှော့ချပေးသော၊ ကိုယ်ခန္ဓာ အလေးချိန်ကို လျော့ကျစေသော လေ့ကျင့်ခန်းမျိုး မဟုတ်ပေ။ လမ်းသွက်သွက် လျှောက်ခြင်း၊ မီတာ ၁ဝဝ အထက် ပြေးခြင်း၊ စက်ဘီးနင်း ပေးခြင်းနှင့် အေရိုးဗစ် အကများ ကခုန်ခြင်းတို့ကို တစ်နေ့လျှင် ၁၅ မိနစ်မှ မိနစ် ၃ဝ ပုံမှန်ပြုလုပ် ပေးခြင်းဖြင့် ကိုယ်ခန္ဓာအတွင်း အဆီဓာတ်ကို လျော့ကျစေသည်။ အဝလွန်ခြင်းမှ ကာကွယ်ပေးသည်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချို ရောဂါနှင့် အဆုတ်၊ အူမ ကြီးနှင့် ရင်သားကင်ဆာ ရောဂါများ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေး နိုင်သည်။

(ဇ) ဆေးလိပ်သောက်ခြင်းမှရှောင်ရှားခြင်း

ဆေးလိပ် သောက်ခြင်းသည် သောက်သူ သာမက မိမိ ပတ်ဝန်းကျင်ရှိ လူများကိုပါ ရောဂါဘယများ ရစေသည်။ ဆေးလိပ် သောက်ခြင်းသည် အဆုတ်၊ လည်ချောင်း၊ အစာပြွန်၊ အစာအိမ်၊ ပန်ကရိယ၊ ဆီးအိမ်နှင့် ကျောက်ကပ် ကင်ဆာများ အပါအဝင် ကင်ဆာရောဂါ အမျိုးမျိုး၊ ပန်းနာရင်ကျပ် ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ နှင့် လေဖြတ်ခြင်း တို့ကိုဖြစ်စေ သောကြောင့် လုံးဝ ရှောင်ကြဉ်ရမည်။

(ဈ) အရက်အလွန်အကျွံ သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း

အရက် အလွန်အကျွံ သောက်ခြင်းကြောင့် ကမ္ဘာပေါ်တွင် လူငါးသိန်းခန့် နှစ်စဉ် အသက်ဆုံးရှုံး နေကြရသည်။ အရက် အလွန်အကျွံ သောက်သုံးခြင်း ဆိုသည်မှာ အမျိုးသားများ အတွက် တစ်နေ့လျှင် အရက် ငါးပက် (၃ဝဝ စီစီခန့်) နှင့်အထက်၊ အမျိုးသမီးများ အတွက် တစ်နေ့လျှင် အရက်သုံးပက် (၁၈ဝ စီစီခန့်)နှင့် အထက် သောက်ခြင်း ဖြစ်သည်။ အရက် အလွန်အကျွံ သောက်ပါက ခိုက်ရန်ဒေါသနှင့် မတော်တဆ ဖြစ်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာ အနာတရ ဖြစ်ကာ အသက်ဆုံးရှုံး စေနိုင်ရုံမျှမက သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ လေဖြတ်ခြင်း၊ သွေးတွင်း အဆီဓာတ် လွန်ကဲခြင်း၊ ပန်ကရိယ ရောင်ခြင်း၊ အသည်း အဆီဖုံးခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာ တို့ကိုပါ ဖြစ်စေနိုင် သောကြောင့် ရှောင်ကြဉ် သင့်သည်။

(ည) လူမှုရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်း

လူဆိုသည်မှာ တစ်ဦး တစ်ယောက်တည်း နေထိုင်ရလေ့ မရှိပေ။ လူမှုအဖွဲ့အစည်း အတွင်း နေထိုင်ရ တတ်သော ကြောင့် လူမှု ပတ်ဝန်းကျင်နှင့် အမြဲတမ်း ထိတွေ့ဆက်ဆံနေ ရလေ့ရှိသည်။ ထိုလောက သဘောသဘာဝ ကိုဆန့်ကျင် ကာ တစ်ယောက်တည်း နေထိုင်ပါက စိတ်ကျရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့ကို ဖြစ်စေ တတ်သည်။

အချုပ်အားဖြင့် ဆိုရသော် လူ့ဘဝ သက်တမ်းမှာ တိုတောင်းလှသည်။ အလွန်ဆုံး နှစ်ပေါင်း ၁ဝဝ အထိသာ နေထိုင်ရလေ့ ရှိသည်။ အလွန် နည်းပါးသော လူအရေအတွက်သာ အသက် ၁ဝဝ နှစ်ကို ကျော်လွန် ကြသည်။ ထိုဘဝ တိုတိုအတွင်း အသက်ရှည်ရှည်၊ အနာကင်းမဲ့စွာ နေထိုင်သွားလာ နိုင်ရေးသည် ကြီးမားသော ရည်မှန်းချက် တစ်ခုပင်ဖြစ်သည်။ ဘဝတိုတို နေညိုညိုမှာ အသက်ရှည်စွာ အနာမဲ့ စေကြောင်း အထက်ပါ နည်းလမ်းကောင်း များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ကြ စေခြင်းငှာ ရေးသား ဖော်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger