www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 11, 2018

သီပေါမြို့နယ် နမ့်လန်ရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတချို့ သုံးပြု၍မရတော့



သီပေါ ၁၁-၆-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် နမ့်လန်ရွာတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ငါးကြိမ်ခန့် ရေကြီးရေလျှံဖြစ်ကာ လမ်းအချို့မှာ အသုံးပြု၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ကျချောင်း ရေများနှင့်အတူ ရွှံ့များသည်လမ်းမ ကြီးတစ်လျှောက်မှ တစ်ဆင့် ရွာကြီးအတွင်းနေရာ အတော်များများတွင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

"ဒီလအတွင်းမှာ ရေကြီးတာ ငါးကြိမ်ရှိသွားပြီ။ အမှန်က ရေကြီးတာက တောင်ကျချောင်းတွေ ဝင်လာလို့ဖြစ်သွားတာ။ ကျွန်တော်က ဒီရွာမှာမွေးတာပါ။ ဒီလိုမကြုံဖူးပါဘူး။ အခုက လမ်းတောင်ပျက် စီးသွားပြီးတော့ သုံးလို့မရတဲ့ထိဖြစ်သွားတာပါ"ဟု နမ့်လန်ရွာသား တစ်ဦးက ပြောပြသည်။

အဆိုပါ ရေကြီးရေလျှံခြင်းကြောင့် အုတ်တံတိုင်းများ ပျက်စီးခြင်း၊ အိမ်များပျက်စီးခြင်းနှင့် မြို့လယ်ရပ်ရှိ နဝဒေးလမ်းသည် အသုံးပြု၍မရအောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

"ရေကြီးပြီး ကျွန်မအိမ်ထဲကို ဝင်လာပြီးတော့ အောက်ကနေ ပြန်ထွက်သွားတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေအားလုံး ပါသွားတယ်။ အိမ်ကအခွံပဲ ကျန်တော့တယ်။ မိသားစုက ခြောက်ယောက်ရှိပါတယ်။ မာလာဟင်းရောင်းတာပါ။ အခုတော့ လုပ်စားဖို့ဘာမှ မရှိတော့ပါဘူး"ဟု နမ့်လန်ရွာမှ နန်းခန်းစိန်က ပြောပြသည်။

ရေကြီး၊ ရေလျှံမှုများကြောင့် ၎င်းရွာတွင် နေအိမ်များ၏ရှေ့၌ သဲ၊ ကျောက်စရစ်များကို ပီနံအိတ်များဖြင့်ထည့်ကာ အိမ်ရှေ့အဝင် ပေါက်များတွင် ရေထိန်းအဖြစ်ချ ထားရကြောင်း သိရသည်။

"အခုက မိုးချုပ်ပြီး မိုးခြိမ်းမှာကို ကြောက်နေရတာ။ မနက်လင်းပိုင်းမှာ ဖြစ်သွားလို့ လူတွေထိခိုက်တာ မရှိတာ။ တခြားအချိန်ဆိုရင်တော့ လူတွေထိခိုက်မှု ရှိနိုင်တယ်။ ရေကကြီးတယ်။ အခုကပြန်ကျတာ လဲမြန်တယ်"ဟု ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါ ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးမှုများရှိခဲ့ပြီး အေးချမ်းသာရပ်ကွက်၊ စက်ရုံရပ်ကွက်၊ မြောက်ရပ်ကွက်၊GE ရပ်ကွက်၊ စိန်းပန်းရပ်ကွက်၊ နောင်နှင်းရပ်ကွက်တို့မှ စုစုပေါင်း အိမ်ထောင်စု ၃၁စုရေနစ်မြုပ်သွားကာရေဘေးဒုက္ခ ရောက်နေကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger