www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 11, 2018

မိုးကာလ အရေးပေါ် မြစ်ကမ်းပြို မှုများဖြစ်ပွားပါက ကျေးရွာများအရောက် ကွင်းဆင်း၍ နည်းပညာကူညီမည်



မန္တလေး ၁၁-၆-၂ဝ၁၈

မြစ်ရေများ မြင့်တက်ချိန် မြစ်ကမ်းပြိုမှုများ အများဆုံး ဖြစ်ပွားသည့် မိုးကာလအတွင်း အရေးပေါ် မြစ်ကမ်းပြိုကျမှုများ ဖြစ်ပွားပါက ဖြစ်ပွားသည့် ကျေးရွာများသို့ ကွင်းဆင်း၍ နည်းပညာများ ကူညီမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က မန္တလေးတိုင်းဒေသကြီး အရေးပေါ် ကမ်းပြိုကာကွယ်ရေး အတွက် သီးသန့်ဘတ်ဂျက် ငွေကျပ်သန်း ၁၅ဝ ရရှိခဲ့သည်။၎င်းနှစ်များ နောက်ပိုင်း အရေးပေါ်ကမ်းပြိုမှုများမှာ ရုတ်တရက်ဖြစ်ပေါ်သည့် ယာယီလုပ်ဆောင်ရမည့် ကာကွယ်ရေး ဖြစ်သည့်အတွက် ဘတ်ဂျက်တောင်းခံခြင်း မပြုလုပ်တော့ဘဲ ဌာနအနေဖြင့် ကမ်းပြိုမှု ဖြစ်ပွားသည့် ကျေးရွာများနှင့် ပူးပေါင်း၍ နည်းပညာပိုင်း ဆိုင်ရာသာ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောပြသည်။

"ဘတ်ဂျက် မတောင်းတော့ဘူး။ အရေးပေါ်ဖြစ်တဲ့ ရွာတွေကို သွားပြီးတော့ သူတို့ရဲ့ လူအင်အားနဲ့ အရေးပေါ်ယာယီ ဆောင်ရွက်ရမယ့် သဲအိတ်ချတာ၊ ပီနံအိတ်ခွံ၊ ကြိုးနဲ့နည်းပညာတွေ ကူညီပေးသွားမယ်။ ရွာတွေမှာကမ်းပြို ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်လာရင် အနီးဆုံးဘတ်ဂျက်နှစ်မှာ ထည့်သွင်းတောင်းခံ ပေးသွားမယ်"ဟု ၎င်းက ပြောပြသည်။

ယခုနှစ် မိုးကာလတွင် ဧရာဝတီမြစ်ကမ်း စဥ့်ကူးမြို့နယ်အတွင်းရှိ မြေနုရွာနှင့် ဟင်္သာမရွာတို့တွင် မြစ်ရေမြင့်တက် တိုက်စားမှုကြောင့် ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကွင်းဆင်း၍ ကျေးရွာများနှင့် ပူးပေါင်းကာ နည်းပညာနှင့် ကူညီမှုများ ဆောင်ရွက်ပေးရန် စီစဉ်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ် မိုးကာလ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးရွာ လေးရွာခန့် မြစ်ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ထို့ကြောင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မြစ်ကမ်းဘေးနေ ကျေးရွာများတွင် အရေးပေါ်ကမ်းပြိုမှုများ ဖြစ်ပွားခဲ့ပါက ဌာနသို့ အကြောင်းကြား၍ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အတွက် မန္တလေးတိုင်းဒေသကြီးရှိ မြစ်ကမ်းပြိုထိခိုက် ကျေးရွာပေါင်း ၁၈ ရွာတွင် မြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ် ခုနစ်ဘီလီယံကျော် တင်ပြတောင်းခံထားပြီး လာမည့် မြစ်ရေနည်း ကာလတွင် လုပ်ငန်းများ စတင်ဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger