www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 15, 2018

လမ်းတံတားတိုးဂိတ်များတွင် တပ်ဆင်အသုံးပြုနေသော ကတ္တားများ၏ အလေးချိန် ကွာဟမှုများကို မတ် ၁၅ ရက်မှစတင်၍ စစ်ဆေးဆောင်ရွက်မည်



ရန်ကုန် ၁၅-၃-၂ဝ၁၈

BOT လမ်းတံတား တိုးဂိတ်များတွင် တပ်ဆင် အသုံးပြုနေသော ကတ္တားများ၏ အလေးချိန် ကွာဟမှုများကို မတ် ၁၅ ရက်မှ စတင်၍ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနသတင်းများအရ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အဝေးပြေး ကားလမ်းများပေါ်တွင် မောင်းနှင် သွားလာနေကြသည့် မော်တော်ယာဉ်များ၏ ဝန်တင်တန်ချိန်နှင့် မော်တော်ယာဉ် တန်ချိန်များကို မိုးဥတုသတ်မှတ် တန်ချိန်များနှင့် နွေဥတု သတ်မှတ်တန်ချိန်များ ဟူ၍ခွဲခြားသတ်မှတ်ခွင့်ပြု ပေးလျက်ရှိသည်။ ထိုသို့ခွင့်ပြုပေးရာတွင် နွေရာသီကာလများ၌ ၁၄ ဘီးယာဉ်များအတွက် ၃၁တန်၊ ၁၈ဘီးယာဉ်အတွက် ၄၆တန်၊ ၂၂ဘီးယာဉ်အတွက်တန် ၅ဝခွင့်ပြုပေးထားပြီး မိုးတွင်း ကာလများတွင် ၁၄ ဘီးယာဉ်များအတွက် တန် ၃ဝ၊၁၈ဘီးယာဉ်များအတွက် ၄၃တန်၊ ၂၂ဘီးယာဉ်များအတွက် ၄၈ တန်ကို တင်ဆောင်ခွင့် ပေးထားခဲ့သည်။

အဆိုပါကုန်စည် ပို့ဆောင်ရေး မော်တော်ယာဉ်များ အနေဖြင့် သတ်မှတ်တန်ချိန်များ တင်ဆောင်ကာ လမ်းတံတား တိုးဂိတ်များတွင် သတ်မှတ်တန်ချိန်အတွက် ကတ္တားဖြင့် ချိန်တွယ် အစစ်ဆေး ခံကြရသည်။ ထိုသို့ကတ္တားဖြင့် ချိန်တွယ်စစ်ဆေး ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းများပေါ်ရှိ BOT လမ်းတံတား တိုးဂိတ်များတွင် တပ်ဆင်အသုံးပြုနေသည့် ကတ္တားများမှာ ဂိတ်တစ်ခုနှင့်တစ်ခု အလေးချိန်ကွာဟမှုများ ဖြစ်ပေါ်နေသဖြင့် တိုးဂိတ်များတွင် မကြာခဏ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် အဆိုပါ တိုးဂိတ်များတွင် တပ်ဆင် အသုံးပြုထားသည့် ကတ္တားအလေးချိန် ကွာဟမှုများနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် ယခုနှစ် မတ် ၁၅ရက်မှ စတင်ကာ လမ်းတံတား တိုးဂိတ်များရှိ ကတ္တားများကို ပူးပေါင်းစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လမ်းတံတား တိုးဂိတ်များတွင် ကတ္တားများချိန်တွယ်မှု ကွာဟချက်များနှင့် ပတ်သက်၍ ယခုနှစ် မတ် ၇ ရက်က မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ လမ်း၊ တံတား၊ ကတ္တားကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက တိုက်ရိုက်ညွှန်ကြားချက်ထုတ်ပေးပြီး အသင်းသူ၊ အသင်းသားများနှင့် ယာဉ်ပိုင်ရှင်များထံမှ သတင်းအချက် အလက်အတိအကျ ရရှိနိုင်ရန် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့နှင့် ပဲခူးမြို့အထွက် Max ကတ္တားကို စံကတ္တားတစ်ခုအဖြစ် သတ်မှတ်ပြီး ကျန်ဂိတ်များတွင် ထပ်မံချိန်တွယ်ခြင်း မပြုလုပ်ဘဲ အဝေးပြေးကုန်သည် ပို့ဆောင်ရေး ယာဉ်များကို သွားလာခွင့် ပြုပေးရန်အတွက် မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်းက ဆွေးနွေးတင်ပြခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက အဆိုပါဆွေးနွေး မှုများအပေါ် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းအနေဖြင့် လက်ရှိသတ်မှတ် ပေးထားသည့် မော်တော်ယာဉ်များ၏ သတ်မှတ် တန်ချိန်များကို မိုးရာသီနှင့်နွေရာသီ ခွဲခြားသတ်မှတ်ခြင်း မရှိဘဲ တစ်ပြေးညီ သယ်ယူမောင်းနှင် နိုင်ရေးကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းက အချက် ၁၄ ချက်ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger