www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 15, 2018

ပြည်ပဝယ်လက် စိတ်ဝင်စားနေသော မြန်မာ့ကညွတ်ကို Export တင်ပို့ရန် အစိုးရ၏ ပံ့ပိုးမှု အထူးလိုအပ်နေ



မြင်းခြံ ၁၅-၃-၂ဝ၁၈

မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် စိုက်ပျိုးမှုနှင့်စားသုံးမှု အားကောင်းနေသော မြန်မာ့ကညွတ်ကို ပြည်ပဝယ်လက်များက ဝယ်ယူရန် စိတ်ဝင်စားမှု ရှိနေသော်လည်း Export တင်ပို့ရန် ကိစ္စများတွင် အစိုးရ၏ပံ့ပိုးမှုများ အထူးလိုအပ်နေကြောင်း မြင်းခြံမြို့ ဇော်တူးကညွတ် ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးကျော်စိန်ထူးက ပြောပြသည်။

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ အရာတော်၊ မြင်းမူ စသောမြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ်သော မြန်မာ့ကညွတ်ကို ဂျပန်၊ စင်ကာပူ၊ မလေးရှား နိုင်ငံတို့မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် စားသုံးသူများက ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေသော်လည်း ကုန်ချောချိတ်ဆက်မှု၊ ကုန်ထုတ်လမ်း အဆင်ပြေမှု၊ ကညွတ်အဆင့်မြင့် ကုန်ချောထုတ်လုပ်မှု နည်းပညာ ဖြည့်စွက်မှု နည်းလမ်းကောင်း ညွှန်ကြားစီမံ မှုများပြုလုပ်ရာတွင် အစိုးရ၏ ပံ့ပိုးမှုများ အထူးလိုအပ်နေကြောင်း သိရသည်။

"ကျွန်တော်တို့ ဒေသထွက် ကညွတ်ကို ၂ဝ၁၆ခုနှစ် နှစ်လယ် ပိုင်းလောက်ကစပြီး အရှေ့တောင် အာရှနိုင်ငံတွေ ကဝယ်ယူဖို့ Myanmar Agri Food ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံက ကိုယ်စားလှယ်တွေဆီကို စမ်းသပ် ရောင်းချကြည့်ပါတယ်။ ကုန်းကြမ်းရော၊ ကုန်ချောရော အထူးနှစ်သက်ပါတယ်။ ရှေ့ဆက်ပြီး ဝယ်ယူဖို့လဲ ကမ်းလှမ်းပါတယ်။ တောင်သူတွေကလဲ ဒီလိုကမ်းလှမ်းတဲ့အတွက် ဒီနေ့ထိဧကတွေ တိုးချဲ့စိုက်ကြပါတယ်။ လက်ရှိ
ခက်နေတာက Export ဈေးကွက် အခိုင်အမာ တရားဝင်ဖြစ်ဖို့ လိုနေပါတယ်။ ဒီအတွက် အစိုးရရဲ့ပံ့ပိုးမှုဟာ အထူးလိုအပ်နေပါတယ်" ဟု အဆိုပါလုပ်ငန်းမှ ဦးကျော်စိန်ထူးက ပြောပြသည်။

ယခုအခါ မြင်းခြံခရိုင်အတွင်းရှိ ကညွတ် အဝယ်ဒိုင်များတွင် တစ်နေ့လျှင် ကညွတ် ပိဿာ ၇ဝဝခန့် အနည်းဆုံး ဝင်ရောက်နေပြီး ပြင်ဦးလွင်၊ တောင်ကြီးမြို့နယ်တို့မှ ကညွတ်စိုက်ပျိုးသူနှင့် ရောင်းဝယ်သူများလည်း အရောင်းအဝယ် သွက်နေကြောင်း၊ ထို့ကြောင့် ကညွတ်ကို ပြည်ပဈေးကွက် ပွင့်လာပါက ပြည်တွင်း ကညွတ်စိုက် တောင်သူများလည်း လက်ရှိထက် စိုက်ဧကတိုးချဲ့လာပြီး ဝင်ငွေကောင်းများ ဆတက်ထမ်းပိုး ရရှိလာနိုင်ကြောင်း၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger