www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 15, 2018

မန္တလေး-မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်း ပြီးစီး၍ ဧပြီ ၅ ရက်တွင် လုပ်ငန်းလွှဲပြောင်း လက်ခံမည်



မန္တလေး ၁၅-၃-၂ဝ၁၈

မြန်မာ့မီးရထားနှင့် Kerry Mother Terminal & Logistics ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော မန္တလေး-မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်းကို ၂ဝ၁၇ခုနှစ် ဧပြီလက A1 ဆောက်လုပ်ရေး ကုမ္ပဏီကို ဆောက်လုပ်ရေး လုပ်ငန်းများ ကန်ထရိုက်ချထား ပေးခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သဖြင့် Third Party ဖြစ်သော Yong Nam ကုမ္ပဏီက လုပ်ငန်းစစ်ဆေး ပြီးသည့်အခါ ဧပြီ ၅ ရက်တွင် A1 ဆောက်လုပ်ရေး ကုမ္ပဏီထံမှ Kerry Mother Terminal & Logistics ကုမ္ပဏီက သံလမ်း၊ အဆောက်အအုံနှင့် လုပ်ငန်းတစ်ခုလုံး လွှဲပြောင်းလက်ခံ ယူမည်ဖြစ်ကြောင်း Kerry Mother Terminal & Logistics ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ၂ဝ၁၆ ခုနှစ် ဧပြီလမှာ မြန်မာ့မီးရထားနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန် ဒေါ်လာသန်း ၅ဝ နဲ့ MoU လက်မှတ်ရေးထိုး တင်ဒါအောင်ပြီး A1 ဆောက်လုပ်ရေး ကုမ္ပဏီကို ဆောက်လုပ်ရေး တင်ဒါချထား ပေးခဲ့ပါတယ်။ A1 ဆောက်လုပ်ရေး ကုမ္ပဏီအနေနဲ့ ၂ဝ၁၇ ခုနှစ် ဧပြီလမှာ မြစ်ငယ်ကုန်းတွင်း ဆိပ်ကမ်းကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာ ဒီနေ့ထိ ၉၅ ရာခိုင်နှုန်းထိပြီးစီးပြီဖြစ်တဲ့အတွက် Third Party  ဖြစ်တဲ့ Young Nam ကုမ္ပဏီက လုပ်ငန်းတွေ စစ်ဆေးပြီးတာနဲ့ ဧပြီ ၅ ရက်မှာ A1 ဆောက်လုပ်ရေး ကုမ္ပဏီကနေ လွှဲပြောင်းလက်ခံ ရယူမှာပါ" ဟု Kerry Mother Terminal & Logistics ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယနေ့ထိ မြစ်ငယ်ကုန်းတွင်း ဆိပ်ကမ်းတွင် ဆောက်လုပ်ထားသည့် လုပ်ငန်းပြီးစီးမှုမှာ အလျား ၈၁ မီတာ၊ အနံ ၂၄ ဒသမ ၃မီတာရှိ ကွန်တိန်နာဂိုဒေါင် တစ်လုံး၊အလျား ၂ဝ၉မီတာ၊ အနံ ၈၂မီတာရှိ ကွန်တိန်နာ ရပ်ဝန်းတစ်ခု၊ သုံးပေ သုံးလက်မ သုံးစိတ်ရှိ မီးရထား ပထမသံလမ်း ၅၇၂ ဒသမ ၈၆မီတာ၊ ဒုတိယသံလမ်း ၃၁ဝ ဒသမ ၅၇ မီတာနှင့် တတိယသံလမ်း ၂၃ဝ ဒသမ ၅၇ မီတာ စုစုပေါင်းသံလမ်း သုံးခုအရှည် ၁၁၃၄မီတာ၊ ရုံးအဆောက်အအုံတစ်လုံးတို့ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကွန်တိန်နာရပ်ဝန်းများ၊ ကွန်တိန်နာ ဂိုဒေါင်များ ပြီးစီးနေပြီဖြစ်သည့် အတွက် လာမည့် ဧပြီလမှစ၍ လုပ်ငန်းများ လက်ခံဆောင်ရွက်သွားမည် ဖြစ်ပြီး ရန်ကုန်-ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်းသည်လည်း ယခုနှစ် စက်တင်ဘာလ တွင်လုပ်ငန်း ပြီးစီးမည်ဖြစ်၍ ကွန်တိန်နာရထားများ စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Kerry Mother Terminal & Logistics ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးညီထွဋ်၏ ပြောပြချက်အရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger