ရန်ကုန် ၁၅-၂-၂ဝ၁၈
မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ပဉ္စမမြောက် ပြည်ပခရီးစဉ်သစ် ရန်ကုန်-ဖူးခက် (ထိုင်း)-ရန်ကုန် ခရီးစဉ်ကို မတ် ၂၅ ရက်တွင် စတင်ပျံသန်းနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာအမျိုးသား လေကြောင်းလိုင်းရုံး၌ ကျင်းပသော ခရီးစဉ်သစ်မိတ်ဆက်ပွဲမှ သိရသည်။
''မြန်မာအမျိုးသား လေကြောင်းလိုင်းက အပြည်ပြည်ဆိုင်ရာ လေယာဉ်ပျံသန်းမှု စံနှုန်းတွေနဲ့အညီ ဝန်ဆောင်မှု ပေးနေတာကြောင့် စီးနင်းလိုက်ပါတဲ့ ခရီးသည်တွေ အနေနဲ့ စိတ်အေးချမ်းသာစွာနဲ့ လိုရာခရီးကို အမြန်ဆုံး ရောက်အောင် ပို့ဆောင်ပေးမှာပါ'' ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း CEO ကပ္ပတိန် ဦးသန်းထွန်းက ပြောသည်။
အဆိုပါ ခရီးစဉ်အတွက် f Embraer - 190 / ဘိုးရင်း 737-800 NG ကို အသုံးပြု ပျံသန်းမည်ဖြစ်ပြီး လိုက်ပါစီးနင်းမည့် ခရီးသည်များအတွက် လေယာဉ်ပျံသန်း နေချိန်တွင် ဖျော်ဖြေမှုစနစ်ကို ထည့်သွင်းထားမည် ဖြစ်သည်။ ထို့ပြင် Business Class အတွက် ဖန်သားပြင်မှတစ်ဆင့် ရုပ်ရှင်၊ TV Show များကြည့်ရှုခြင်း၊ သီချင်းနားထောင်ခြင်း၊ ဖုန်း၊ Tablet၊ Computer၊ များဖြင့် အင်တာနက် အခမဲ့ အသုံးပြုနိုင်ခြင်းနှင့် Premium Economy Class များတွင်လည်း အခမဲ့ဝန်ဆောင်မှု ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
လေယာဉ်လက်မှတ်ခ အနေဖြင့် အသွား၊ အပြန် အမေရိကန်ဒေါ်လာ ၂၅ဝ ကျသင့်မည်ဖြစ်ပြီး Class သုံးမျိုးဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ဖူးခက် (ထိုင်း)-ရန်ကုန်ခရီးစဉ် အချိန်များ အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal (2) မှ မတ် ၂၅ ရက် ညနေ ၅ နာရီ ၅၅ မိနစ်တွင် စတင်ပျံသန်းမည် ဖြစ်သည်။ တစ်ပတ်လျှင် နှစ်ကြိမ် သောကြာနေ့ နှင့် တနင်္ဂနွေနေ့တို့တွင် ရန်ကုန်မှ ညနေ ၅ နာရီ ၅၅ မိနစ်တွင်ထွက်ခွာ၍ ဖူးခက် (ထိုင်း) သို့ ဒေသစံတော်ချိန် ၂ဝ နာရီ ၁၅ မိနစ်တွင်ရောက်ရှိမည် ဖြစ်သည်။
ဖူးခက် (ထိုင်း)မှ ဒေသစံတော်ချိန် ၂၁ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာ၍ ရန်ကုန်မြို့သို့ ၁ဝ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
MNA အနေဖြင့် ပြည်ပခရီးစဉ်များကို ၂ဝ၁၅ ခုနှစ်တွင်စတင်ခဲ့ပြီး ပထမမြောက်အဖြစ် စင်ကာပူခရီးစဉ်၊ ဒုတိယမြောက်အဖြစ် ဟောင်ကောင်ခရီးစဉ်၊ တတိယမြောက်အဖြစ် ဗန်ကောက်ခရီးစဉ်၊ စတုတ္ထမြောက်အဖြစ်ချင်းမိုင်ခရီးစဉ်တို့ ပျံသန်းနေပြီဖြစ်၍ လေယာဉ်လက်မှတ်များကို www.fl ymna.com၊ ဖုန်း-၉၅-၁၃၇၈၆ဝ၃ နှင့် ၉၅-၁၃၇၇၈၄ဝ တို့တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းရုံး(ရန်ကုန်)မှ သိရသည်။
#Themyawadydaily






No comments:
Post a Comment