စစ်ကိုင်း ၁၅-၂-၂ဝ၁၈
စစ်ကိုင်းစက်မှုဇုန် စတင်တည်ထောင်စဉ်က မြေကွက်များရယူပြီး လက်ရှိအချိန်ထိ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့် မြေကွက်များကို စာရင်းကောက်ယူ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြသွား မည်ဖြစ်ကြောင်းစစ်ကိုင်း စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။
ယင်းသို့ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လပ်များကို စာရင်းကောက်ယူရန် အတွက် စစ်ကိုင်းခရိုင်စီမံ ခန့်ခွဲမှုကော်မတီ (စစ်ကိုင်းစက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ) ဥက္ကဋ္ဌ ၏အစီအစဉ်ဖြင့် အဖွဲ့ဖွဲ့ ၍ စာရင်းကောက်ယူသွားမည် ဖြစ်ပြီး ကောက်ယူရရှိလာသည့် မြေကွက်လပ်စာရင်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုမြင့်က ပြောပြသည်။
"ခရိုင်စီမံခန့်ခွဲမှု ကော်မတီ (စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ) ဥက္ကဋ္ဌရဲ့အစီအစဉ်နဲ့ အဖွဲ့ဖွဲ့ပြီး မြေကွက်ချထားတဲ့ အချိန်ကစပြီးတော့ မလုပ်သေးတဲ့ မြေကွက်တွေ၊ စည်းကမ်းနဲ့ မညီညွတ်တဲ့ မြေကွက်တွေ၊ အလုပ်မလုပ်သေးတဲ့ မြေကွက်တွေရဲ့ စာရင်းကောက်ယူ ပါမယ်။ စာရင်းကောက်ယူတဲ့ အဖွဲ့ရဲ့တွေ့ရှိချက်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးတော့ အလုပ်လုပ်လို့ရအောင် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်အောင် စီမံဆောင်ရွက်ဖို့ ရှိပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို တင်ပြပြီးမှ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။
စစ်ကိုင်းစက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံ ၅၄ ရုံရှိရာ လက်ရှိတွင် လုပ်ငန်း လည်ပတ်နေသည့် စက်ရုံ၊ အလုပ်ရုံ ၃၉ ရုံရှိပြီး ခေတ္တရပ်နားထားသည့် စက်ရုံ ၁၅ ရုံရှိကြောင်း၊ စစ်ကိုင်းစက်မှုဇုန်၏ မြေနေရာ အကျယ်အဝန်းမှာမြေဧရိယာ ၉၆ဝ၃ ဒသမ ၃၂ ဧကရှိပြီး မြေကွက်ပေါင်း အနေဖြင့် အရွယ်စုံ၂၁၁ကွက်ရှိကြောင်း စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
စစ်ကိုင်းစက်မှုဇုန်မှာ စစ်ကိုင်းမြို့မြောက်ဘက်၊ မင်းဝံတောင်၏ အနောက်ဘက် ပတ္တမြားရပ်ကွက်နှင့် နီလာရပ်ကွက်တွင် တည်ရှိပြီး ၁၉၉၇ ခုနှစ်ဒီဇင်ဘာ ၁၁ ရက်က စတင်တည်ထောင်ခဲ့ကြောင်း၊ စစ်ကိုင်းစက်မှုဇုန်ထဲတွင်သစ်အခြေခံစက်ရုံ ၁၁ ရုံ၊ သံရည်ကျိုစက်ရုံ ခုနစ်ရုံ၊ လူသုံး၊ အိမ်သုံးစက်ရုံ ၂၇ရုံ၊ စားသောက်ကုန်စက်ရုံ ခြောက်ရုံနှင့် မော်တော်ကားအလုပ်ရုံ သုံးရုံရှိကြောင်း စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
#Themyawadydaily






No comments:
Post a Comment