မန္တလေး ၁၅-၂-၂ဝ၁၈
မန္တလေးတိုင်း ဒေသကြီး၌ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မိုးရွာသွန်းမှုကြောင့် စပျစ်သီး အထွက်နှုန်းကျပြီး ရန်ကုန်ဝယ်လက် နည်းပါးသဖြင့် ယမန်နှစ်ကထက် ဈေးနှုန်းကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ် ရွာတန်းတိုက်နယ် သဲကျွန်းအုပ်စု ဆည်ထိပ်ရွာရှိ စပျစ်သီးစိုက်ပျိုးသူ ဦးညိုကြီးထံမှ သိရသည်။
''ရာသီဥတုက မိုးများထားတော့ အပျက်အစီးများပြီး အထွက်နှုန်း နည်းတယ်။ ဈေးကလည်း မနှစ်ကထက် ကျဆင်းနေတယ်။ ဈေးနှုန်းတွေကျတာက ရန်ကုန်ကဝယ်လက် နည်းနေလို့ပါ''ဟု ဦးညိုကြီးက ပြောသည်။
လက်ရှိတွင် မကွေး၊ လားရှိုး စသည့် နယ်မြို့များမှ ဝယ်ယူမှုများရှိနေပြီး ဝိုင်စပျစ်ဈေးနှုန်းမှာ ပုံမှန်အတိုင်းသာ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ စပျစ်သီး ဈေးကွက်တွင် ပြည်တွင်းစပျစ်သီးနှင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းသည့် စပျစ်သီးဟူ၍ ရှိပြီးမြန်မာနိုင်ငံ၌ အများဆုံးစိုက်ပျိုးသော စပျစ်သီးမျိုးများတွင် နံပါတ်-၃ ၄ဝ ရာခိုင်နှုန်း၊ Black Queen ၄၀ ရာခိုင်နှုန်း၊ Big Black၊ ရွှေနီ၊ ကာဒိနန်နှင့် တခြား စပျစ် ၂ဝ ရာခိုင်နှုန်းခန့် စိုက်ပျိုးကြကာ လက်ရှိတွင် စပျစ်စိုက်ဧက ၅ဝဝဝ ခန့်ရှိကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment