မန္တလေ ၉-၂-၂ဝ၁၈
မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) အနေဖြင့် ယခုနှစ်ဧပြီလအတွင်း မန္တလေးမြို့မှ သံတွဲမြို့ (ငပလီကမ်းခြေ)သို့ တိုက်ရိုက် ပျံသန်းပြေးဆွဲ ပေးမည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ်ဧပြီလအတွင်း ကျင်းပပြုလုပ် လေ့ရှိသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလသို့ ရောက်ရှိလာတော့ မည်ဖြစ်ရာ ယခုနှစ် ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် သင်္ကြန်ပွဲတော်ကာလတွင် မန္တလေးမြို့မှ အခြားမြို့များသို့ အပန်းဖြေခရီး ထွက်ခွာကြသူများလည်း အများအပြား ရှိသောကြောင့် ယခုနှစ်ဧပြီလတွင် MNA လေကြောင်းလိုင်းအနေဖြင့် မန္တလေးမြို့မှ သံတွဲမြို့ (ငပလီကမ်းခြေ)သို့ တိုက်ရိုက်ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အခြားမြို့ကြီးများဖြစ်သည့် ရန်ကုန်မြို့သို့ နေ့စဉ်တစ်ရက်လျှင် သုံးခေါက်၊ ဟုမ္မလင်းမြို့သို့ ရက်သတ္တပတ်လျှင် နှစ်ရက်၊ ခန္တီးမြို့တို့သို့ ရက်သတ္တပတ်လျှင် နှစ်ရက်နှင့် ပူတာအိုမြို့သို့ ရက်သတ္တပတ်လျှင် သုံးရက်၊ ကလေးမြို့သို့ ရက်သတ္တပတ်လျှင် လေးရက်၊မြစ်ကြီးနားမြို့သို့ ရက်သတ္တပတ်လျှင် ငါးရက်၊ တာချီလိတ်၊ လားရှိုးမြို့တို့သို့ ရက်သတ္တပတ်လျှင် တစ်ရက်နှင့် ဟဲဟိုးသို့ ရက်သတ္တပတ်လျှင် လေးရက် ပုံမှန်ပြေးဆွဲ ပေးနေကြောင်း၊ ဧပြီလအတွင်း၌ မန္တလေး-သံတွဲခရီးစဉ်ကို တစ်ရက်လျှင် တစ်ခေါက် ပျံသန်းပေးသွားမည် ဖြစ်ကြောင်း၊ ၎င်းခရီးစဉ်အတွက် လက်မှတ်နှုန်းထားများကို ပျမ်းမျှငွေကျပ် ၆ဝဝဝဝ ခန့်ဖြင့် လိုက်ပါ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့မှ ပြည်တွင်းအပြင် ပြည်ပခရီးစဉ်တို့သို့လည်း ၁၆၄ ဦးဆံ့ အမေရိကန်နိုင်ငံထုတ် Boeing-737 လေယာဉ်အမျိုးအစား လေးစီး၊ လူဦးရေ ၁ဝဝဆံ့ ဘရားဇီးနိုင်ငံထုတ် Embraer အစီးရေနှစ်စီးနှင့် လူဦးရေ ၇ဝဆံ့ ပြင်သစ်နိုင်ငံထုတ် ATR အမျိုးအစား ကိုးစီးတို့ဖြင့် ဖြန့်ကြက်ပြေးဆွဲ ပေးလျက်ရှိကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။
#Yadanarpondaily






No comments:
Post a Comment