www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 6, 2016

မြနန်းစံကျော်ရွှေနန်းတော် မှ မှန်နန်းဆောင်



( တိမ်တမန် )

မန္တလေးနန်းမြို့ အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော် မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပြီး အဆောင် (၁၁၄) ဆောင်တွင် တစ်ဆောင်စီ၏ လုပ်ငန်းဆောင်တာ နှင့် နေရာချထားမှု တို့ကို လေ့လာနိုင်သော နေရာဖြစ်သည်။ 

ရှေးခေတ် ဘုရင်မင်းမြတ် တို့၏ လုပ်ငန်း ဆောင်တာများ၊ အလုပ်အကိုင် အလိုက် ခွဲခြားထားသော အဆောင်များမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ထိုအဆောင် များစွာထဲတွင် ဘုရင်မင်းမြတ် နေ့ညမပြတ် စံစားရာ မှန်နန်းဆောင် လည်း ပါဝင်နေသည်။

မှန်နန်းဆောင်မှာ ထူးခြားသော အဆောင်တစ်ခု အဖြစ် မှတ်ယူကြသည်။ စမုတ်လေးဆောင် တို့ကို ဆက်သော မျဉ်းနှစ်ကြောင်း ဆုံရာ နန်းတော်ကြီး၏ ဗဟိုနေရာလည်း ဖြစ်နေသည်။ တစ်နည်းအားဖြင့် အရှေ့ဘက်ရှိ ဦးထိပ်တံခါးမှ စကာ မင်းထွက် တံခါးတော်ကြီး လေးပေါက်တို့ ဆက်ရာမျဉ်း၏ ဗဟိုတွင်လည်း တည်ရှိနေသည်။ ဗဟိုနေရာ ဖြစ်သော နေရာမှ နေကာမှန်ချိန်ပြီး တခြားအဆောင် များကို ပန္နက်ချ တည်ဆောက်ခဲ့သည့် အတွက် မှန်နန်းဆောင် ဗဟိုနန်းဆောင် ဟု ခေါ်ဆိုခဲ့ကြောင်း သိရသည်။

မှန်နန်းဆောင်၏ တခြား ထူးခြားချက် များမှာ ဘုရင်မင်းမြတ် နေ့ညမပြတ် စံစားရာ အဆောင်ဖြစ်ပြီး မြေနန်းပြာသာဒ် တော်ကြီးမှအပ အကြီးဆုံး၊ အကျယ်ဆုံး၊ အမြင့်ဆုံး အဆောင်ပင် ဖြစ်သည်။ တည်ဆောက် ထားပုံတွင် တောင်၊ မြောက်အမိုး ငါးဆင့်လည်ပေါ်၊ အရှေ့အနောက်တွင် အမိုးလေးဆင့်စီ ရှိသော ဇေတဝန်ဆောင် အမျိုးအစား ဖြစ်သည်။ ခေါင်ရိုးကိုမူ အရှေ့အနောက် နေကျော် ဆောက်လုပ် ထားသည်။ အတွင်းပိုင်းတွင်မူ ရွှေပိန်းချကာ မှန်စီထားသည်။ မှန်နန်းဆောင်  ခေါင်ရိုးတွင် သိုင်းနှစ်ချက်စိုက် ငှက်တော်ဆောင် တဲကလေး ပါရှိသည်။ ကြမ်းပြင်ကိုမူ တခြားအဆောင် များထက် သုံးပေ မြှင့်တင်ထားပြီး ပတ်လည်တွင် ဖန်ပွတ်လုံး လက်ရန်းများ၊ ပန်းပုလှေကားပေါင် များနှင့်အတူ သံပြားခေါက်ကာ မှန်စီရွှေချ ထားသော ဆင်စွယ် ဝန်းယှက် ဇာပေါက်များဖြင့် ခမ်းနားစွာ ကာရံထားသော အဆောင်ပင် ဖြစ်သည်။

အဆောင်တော် ကြီး၏ အလယ်တွင် တောင်မြောက် တန်းလျက် မာရဘင် ဆီးထားပြီး မာရဘင်၏ အရှေ့ဘက်တွင် ပိတုန်းရုပ်ခံ ဘမရာသန ပလ္လင်တော်ကြီး နှင့် မနောဟရ ထီးဖြူတော်များ စိုက်ကာ ဆောက်ထား သည်။ 

နောက်အခန်း တွင်းတွင် ဘုရင် မင်းမြတ် စက်တော်ခေါ်ရာ သလွန်တော် ထားရှိပြီး ခြင်လုံတော်ဖြင့် ပတ်လည်မှ ကာရံထား စေပြီး အပေါ်တွင်မူ လေယပ် ဆွဲလျက်ရှိသည်။ မှန်နန်းဆောင်မှာ အရှေ့- အနောက် အလျား ပေ ၁ဝဝ နှင့် ၆ လက်မ၊ တောင်- မြောက် ၈၉ ပေ အမြင့် ၆၂ ပေ ၃ လက်မရှိသည်။

မှန်နန်းဆောင်၏ တခြာသော ထူးခြားချက်မှာ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး အဖြစ် ဘိသိက်ခံယူခြင်း၊ သားတော် သမီးတော်များ နားထွင်းမင်္ဂလာ ပြုခြင်း၊ ရှင်ပြု အလှူတော် ပြုလုပ်ခြင်းများ ပြုလုပ်ပြီး နန်းရ မိဖုရားကြီး လေးပါးမှအပ ကျန် မှူးတော်မတ်တော်၊ မိဖုရားငယ်များ အခွင့်ရမှသာ ဝင်ခွင့်ရှိသော အဆောင်ပင် ဖြစ်သည်။ လက်ရှိကာလ မြနန်းစံကျော် ရွှေနန်းတော် တွင် ဘုရင်မင်းမြတ် နေ့ညမပြတ် စံစားရာ မှန်နန်းတော် အဆောင်ကို အဆောင်၏ လုပ်ငန်းဆောင်တာ ရှင်းလင်းချက် စာသားများနှင့် အတူ လေ့လာနိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger