စစ်ကိုင်း ၉-၂-၂ဝ၁၈
စစ်ကိုင်းမြို့ စစ်ကိုင်းစက်မှုဇုန် အရှေ့ထိပ်နှင့် တောင်ဖီလာဘုရား အနီးတွင် ဂျပန်နိုင်ငံ JICA ချေးငွေ ကျပ်သိန်း ၇ဝဝဝ ကျော်ဖြင့် တည်ဆောက်လျက်ရှိသော မြစ်ရေတင်စီမံကိန်းကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အတူအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ JICA မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ကြောင်း၊လက်ရှိတွင် စမ်းသပ်၍ ရေများစတင်ဖြန့်ဝေ ပေးလျက်ရှိကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပြသည်။
"လက်ရှိမှာ ရွှေမင်းဝံနဲ့ ဇေယျာရပ်ကွက်တို့ကို ရေစမ်းလွှတ်နေပါပြီ။ ကျွန်တော်တို့ ရေတစ်ယူနစ်ကို ငွေကျပ် ၃ဝဝနဲ့ ရောင်းချဖို့ အကြမ်းဖျင်းတွက် ထားပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။
စစ်ကိုင်းမြို့တွင် မြို့မရပ်ကွက် ၂၃ ရပ်ကွက်ရှိရာ မြစ်ရေမရရှိသည့် ရပ်ကွက်တော်တော်များများ ရှိကြောင်း၊ ၎င်းတို့ထဲမှ မြစ်ရေလုံးဝမရရှိသည့် ဇေယျာရပ်ကွက်၊ မြရတနာရပ်ကွက်၊ နီလာဦးရပ်ကွက်တို့ကို အဓိကထား၍ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းရပ်ကွက်များကို ဦးစားပေးအနေဖြင့် ရေဖြန့်ဝေပေးသွားမည် ဖြစ်သည့်အပြင် ရွှေမင်းဝံရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းစက်မှုဇုန်စသည့် နေရာများလည်း ရေဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြစ်ရေတင်စီမံကိန်းကို W.E.G Co.,Ltd က ၂ဝ၁၆ ခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ ရေစစ်ကန်များ၊ ရေလက်ခံမည့် ကန်ကြီးများ၊ ရေဖြန့်ဝေမည့် ရေကန်ကြီးများ၊ ရေလောင်ကန်များနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ရပ်ကွက်များသို့ မကြာမီ ရေများဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment