www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 9, 2018

ပြည်ထောင်စု စိတ်ဓာတ်ထာဝစဉ် နိုးကြားရှင်သန်ရေး



ဆောင်းပါး ၉-၂-၂ဝ၁၈

''ပြည်ထောင်စုစိတ်ဓာတ်'' ဟူသည် ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်ထောင်တည်း ပင်ဟု စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားသော သဘောထား ခံယူချက်ပင်ဖြစ်သည်။ မျိုးရိုးသံယောဇဉ်၊ ဒေသသံယောဇဉ် တို့ဖြင့်ရစ်ပတ်ဖွဲ့နှောင်လျက် အမျိုးကို စောင့်ရှောက်လိုမှု၊ အမျိုးကို ချီးမြှောက်လိုမှု၊ အမျိုးကို ကာကွယ်လိုမှုတည်းဟူသော မျိုးချစ်စိတ်ပေါ် အခြေခံသည်။ ပြည်ထောင်စုသား အချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်း ကူညီလိုခြင်း၊ အခက်အခဲ တွေ့ကြုံလျှင် ကူညီဖြေရှင်းပေးလိုခြင်း၊ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုခြင်း၊ အချင်းချင်း စာနာထောက်ထားခြင်းနှင့် နားလည်ခွင့်လွှတ်သည်းခံ တတ်ခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်၏ ကောင်းမြတ်သော အခြေခံများဖြစ်သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော ပြည်ထောင်စုဖွား တိုင်းရင်းသား များသည် သွေးချင်းသားချင်း ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်သည်ဟု ခံယူသော စိတ်ဓာတ်၊ တစ်ဦးတွင် အရေးကြုံသော် တစ်ဦးက မပစ်ပယ် တလုံးတစည်းတည်း ပူးတွဲရင်ဆိုင် ဖြေရှင်းလိုသောစိတ်ဓာတ်၊ တစ်မြေတည်းနေ တစ်ရေတည်း သောက်ကြသူများ ဖြစ်သည်ဟု ခံယူသောစိတ်ဓာတ်၊ မရှိအတူ ရှိအတူ အေးအတူပူအမျှ ခံစားကြမည် ဟူသောစိတ်ဓာတ်၊ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်သားတည်း ရှိသည်ဟု ခံယူသော စိတ်ဓာတ်တို့ကို ပေါင်းရုံးစုစည်း ခေါ်ဆိုထားခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား လူမျိုးများအားလုံး ရှေးပဝေသဏီ ကာလကတည်းက စုစည်းညီညွတ်စွာ နေထိုင်လာခဲ့ကြသည်။ ''မြန်မာ''ဟူသည် တိုင်းရင်းသား လူမျိုးများအားလုံး အကျုံးဝင်သည့် ပြည်သူတစ်ရပ်လုံး၏ အမည်ပင်ဖြစ်သည်။

''မြန်မာ'' ဆိုသောစကားလုံးသည် နက်နဲ ကျယ်ဝန်းသော အဓိပ္ပာယ်ကို ဖွင့်ဆိုလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ခဲ့ကြသော တိုင်းရင်းသား များသည် ရှေးနှစ်ပေါင်းများစွာကပင် မရှိအတူရှိအတူ အေးအတူ ပူအမျှ တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုပမာ စည်းလုံးညီညွတ်စွာ အတူလက်တွဲ နေထိုင်ခဲ့ကြ သူများဖြစ်သည်။ နိုင်ငံတော်အတွင်း အေးအတူပူအမျှနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုး ၁ဝဝ ကျော်တို့သည် သွေးစည်းညီညွတ်မှု စိတ်ဓာတ်၊ သူ့ကျွန်မခံလိုသော စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်များ ရင်ဝယ်ကိန်းအောင်းကာ နိုင်ငံတော် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ပြန်လည်တည်ဆောက် နိုင်ခဲ့ကြသည်။

နိုင်ငံတော် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့သည် နိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား မျိုးနွယ်စု အားလုံး၏ စုစည်းညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် အေးအတူပူအမျှ စုပေါင်းနေထိုင်မှု အပေါ် မူတည်ပေသည်။ မြန်မာနိုင်ငံ ပဒေသရာဇ် ခေတ်ကာလ တစ်လျှောက်လုံးတွင် တိုင်းရင်းသား လူမျိုးများအကြား လူမျိုးရေးကို အခြေခံသော မသင့်မြတ်မှုများ၊ ပဋိပက္ခမှုများ ပေါ်ပေါက်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပေသည်။ တစ်ခါတစ်ရံ ပဒေသရာဇ်မင်းတို့ အချင်းချင်း အာဏာလုရာမှ ပေါ်ပေါက် ခဲ့သော စစ်ပွဲများတွင် ပဒေသရာဇ် တို့၏ အရှိန်အဝါနှင့် သြဇာအာဏာကို မလွန်ဆန် နိုင်သဖြင့် ပါဝင်တိုက်ခိုက် ခဲ့ကြသည်မှလွဲ၍ လူမျိုးရေး အသွင်သဏ္ဌာန်ကို ဆောင်ယူသော လူမျိုး တစ်မျိုးအပေါ် တစ်မျိုးက ကြီးစိုးလွှမ်းမိုးလိုသော ပဋိပက္ခမှုများလည်း မပေါ်ပေါက်ခဲ့ပေ။

သမိုင်းစဉ်တစ်လျှောက် တိုင်းရင်းသား လူမျိုးများအကြား စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု များအရ တောင်ပေါ် မြေပြန့်မခွဲခြားဘဲ ကူးလူးဆက်ဆံ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာ ခဲ့ကြသည်။ တိုင်းတစ်ပါးမှ ကျူးကျော်တိုက်ခိုက်လာသည့် အန္တရာယ် ကျရောက်လာပါက တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်သည့် အားမာန်ဖြင့် ပူးပေါင်း တိုက်ခိုက်ကြသဖြင့် မြန်မာနိုင်ငံ၏ ရန်သူဟူသမျှ ခုခံကာကွယ်သော အစဉ်အလာများ ကြီးမားခဲ့ကြသည်။ မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ ပတ်ဝန်းကျင်ရှိ တိုင်း၊ နိုင်ငံများနှင့် ဆက်သွယ်မှု တို့တွင်လည်း ပုဂံခေတ်ကစ၍ ယနေ့ကာလအထိ ကောင်းမွန်လျက် ရှိသည်ကို တွေ့ရမည် ဖြစ်သည်။

တိုင်းရင်းသား လူမျိုးများ စည်းလုံးညီညွတ်မှု ရှိခဲ့၍သာ အမျိုးသား စည်းလုံး ညီညွတ်ပြီး နိုင်ငံတော် စည်ပင်ဝဖြိုး တိုးတက်ခဲ့ခြင်းဖြစ်သည်။ ပဒေသရာဇ် မင်းအချင်းချင်း တိုက်ပွဲများကြောင့် အမျိုးသား စည်းလုံးညီညွတ်မှု ယိုယွင်းသော ခေတ်ကာလ ရှိခဲ့သော်လည်း နိုင်ငံတော်အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ ဥမကွဲ သိုက်မပျက်၊ ချစ်ကြည် ရင်းနှီးမှုမပျက် အတူတကွ နေထိုင်လိုကြသည့် ညီညွတ်မှုအားဖြင့် နိုင်ငံတော်ကို စည်းလုံး တောင့်တင်း ခိုင်မာလာအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့သည်ကိုလည်း တွေ့ရသည်။ တောင်ငူခေတ်တွင် မြန်မာနိုင်ငံ ဒုတိယ အကြိမ်စည်းလုံး ညီညွတ်မှုကို ထူထောင်၍ နိုင်ငံ့အင်အား အထွတ်အထိပ်သို့ ရောက်ခဲ့ရသည်ကို လည်းကောင်း၊ ကုန်းဘောင်ခေတ်တွင် တတိယအကြိမ် နိုင်ငံတော်ကို စည်းလုံးညီညွတ်သော နိုင်ငံတော် အဖြစ် ထူထောင်၍ နိုင်ငံတော် အင်အား အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပုံကို လည်းကောင်း တွေ့ရှိကြရမည်သာ ဖြစ်သည်။ ခရစ်နှစ် ၁၈၂၄-၁၈၂၆ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၊ ၁၈၅၂-၁၈၅၄ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ပွားပြီး ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ပြီးနောက် ဗြိတိသျှ ကိုလိုနီနယ်ချဲ့လက်အောက်သို့ မြန်မာနိုင်ငံ ကျရောက်ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်တို့ အုပ်စိုးစဉ် အခါက ယခုပြည်နယ်များနှင့် ချင်းတောင်တန်း ဒေသများကို နယ်ခြားဒေသများဟု သတ်မှတ်ပြီး အင်္ဂလိပ် ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်သော ဌာနတစ်ခု၏ လက်အောက်တွင် ထားရှိခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ထက်မြက်သော စွမ်းရည်ကြောင့် တောင်ပေါ်သားများ၊ တိုင်းရင်းသားများ၊ ဗမာ၊ မွန်၊ ရခိုင်စသည့် တိုင်းရင်းသားတို့ ပိုမိုရင်းနှီး သွေးစည်းလာခဲ့ ကြသည်။ လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို အတူတကွ တည်ထောင် လိုစိတ် ပိုမိုပြင်းပြလာ ကြသည်။ ထို့ကြောင့်လည်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြည်ထောင်စု စိတ်ဓာတ်ပြည့်ဝစွာ တညီတညာတည်း၊ တစ်သံတည်း၊ တစ်သဘောတည်းဖြင့် ရှမ်းပြည်နယ် ပင်လုံမြို့တွင် ''ပင်လုံစာချုပ်ကြီး''ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။ ဤနေ့ကိုပင် မြန်မာနိုင်ငံသမိုင်းတွင် မော်ကွန်းအထိမ်းအမှတ် ပြည်ထောင်စုနေ့ အဖြစ်သတ်မှတ်ကြကာ ပြည်ထောင်စုနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ဆိုလျှင် (၇၁)နှစ်ပြည့်မြောက်မည် ဖြစ်သည်။

ပင်လုံမြေမှ စတင်ခဲ့သော ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်နိုးကြား ရှင်သန်နေသရွေ့၊ ခိုင်မြဲနေသရွေ့ မိမိတို့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေမည်သာ ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သူတစ်ပါးလက်အောက် ကျရောက်၍ အမျိုးမျိုးသော သွေးခွဲအုပ်ချုပ်မှုကို ခံစားခဲ့ရသော တိုင်းရင်းသား ပြည်သူအားလုံးတို့၏ ညီညွတ်ရေး စိတ်ဓာတ်ကို ပင်လုံတွင် ပြသခဲ့ကြသည်။ ပြည်ထောင်စုအတွင်း အေးအတူပူအမျှ အတူတကွ ဒုက္ခသုခခံစားပြီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင်ကြရေးသည် အဓိက ကျပေသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအားလုံး သွေးစည်းညီညွတ်စွာ ''ဥမကွဲသိုက်မပျက် နေထိုင်ကြပါမည်''ဟူသော သန္နိဋ္ဌာန် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်သည် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေး အတွက် အခြေခံ အုတ်မြစ်ဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပေသည်။ ပြည်ထောင်စု တိုင်းရင်းသားတို့၏ ညီညွတ်ခြင်း ပြယုဂ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အမွန်အမြတ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အားလုံးတို့သည် မြန်မာနိုင်ငံအား နယ်ချဲ့ ကျူးကျော်သူများကို ခုခံ တိုက်ခိုက်ရာတွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး ထာဝရ တည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရာတွင် လည်းကောင်း ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တစ်ခဲနက် သွေးစည်း ညီညွတ် ခဲ့ကြသည်ကို မြန်မာ့သမိုင်းတစ်လျှောက် ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးအသီးသီး ပူးပေါင်းနေထိုင်နေသော ဤပြည်ထောင်စုကြီးသည် နိုင်ငံတော်၏ အသက်ပင် ဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ပြည်ထောင်စုကြီး ထာဝရတည်တံ့ ခိုင်မြဲရေးနှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်နိုးကြား ရှင်သန်ရေးသည် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးလုံး၏ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ညီညွတ်စွာ လက်တွဲနေထိုင်မှု အပေါ်တွင် တည်မှီနေပေသည်။ ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ် နိုးကြားရှင်သန် ခိုင်မြဲနေသရွေ့ ပြည်ထောင်စုကြီးသည်လည်း ထာဝရ တည်တံ့ခိုင်မြဲ နေမည်သာဖြစ်ပေသည်။ ပြည်ထောင်စု နိုင်ငံဟူသည် တစ်နိုင်ငံတည်းတွင် အတူနေကြသော၊ တစ်ခုထက်မကသော တိုင်းရင်းသား လူမျိုးတို့နှင့်အတူ နေထိုင်ကြသည့် နိုင်ငံကို ဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးတို့က ယခင်သမိုင်းစဉ် တစ်လျှောက် နှစ်ပေါင်းကြာရှည်စွာ အတူတကွ နေထိုင်ခဲ့ကြပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ ဟူသည့် အနက်အဓိပ္ပာယ်သည် အတူတကွ နေထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြလျက် စည်းလုံးညီညွတ် နေမှသာလျှင် ပိုမိုပြည့်စုံမည် ဖြစ်သည်။

ပင်လုံညီလာခံ၏ အောင်မြင်မှု၊ စည်းလုံးညီညွတ်မှုသည် နယ်ချဲ့သမားများကို အံ့အားသင့်စေခဲ့သည်။ မိမိတို့ကို နှစ်ပေါင်း ၁ဝဝ ကျော် သွေးခွဲထားခဲ့သော်လည်း ပင်လုံ၌ ပြုလုပ်သော မြန်မာပြည်ထောင်စု တည်ထောင်မည့် ပင်လုံအဓိဋ္ဌာန်က ရုပ်လုံးပေါ်စေခဲ့သည်။ ပင်လုံမြေမှ စတင်ခဲ့သော ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသရွေ့ မိမိတို့ ပြည်ထောင်စုကြီး ထာဝရတည်တံ့ ခိုင်မြဲနေမည်သာ ဖြစ်သည်။ ပြည်ထောင်စုကြီး ထာဝရ တည်တံ့ခိုင်မြဲရေးနှင့် လွတ်လပ်သော နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုး အသီးသီးသည် တန်းတူရည်တူ ဂုဏ်သိက္ခာရှိစွာ ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲသိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်းနေထိုင်ရန်နှင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့ကို တိုင်းရင်းသားအားလုံး မျက်ခြည်မပြတ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် လိုအပ်သကဲ့သို့ ပြည်ထောင်စုကြီးအတွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သည့် ထာဝရ ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်အောင် တည်ဆောက်ရေးကို တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းပါဝင်အောင် ဆောင်ရွက် သွားကြရန် လိုအပ်ပါသည်။ စည်းလုံးညီညွတ်ခြင်းသည် ပြည်ထောင်စု စိတ်ဓာတ်မှ မြစ်ဖျားခံသလို မျိုးချစ်စိတ်ဓာတ်မှလည်း အရင်းခံသည်။

ထက်သန်သော မျိုးချစ်စိတ်ဓာတ်ကို အရင်းခံမှသာ ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက် နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား အားလုံးတို့သည် ဤမြေတွင်နေ ဤရေကိုသောက်၍ အတူတကွ ကြီးပြင်းနေထိုင် လာခဲ့ကြသော ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည်။ ထို့ကြောင့် ပြည်ထောင်စု အိမ်ကြီးအတွင်းမှ တစ်မိသား စုတည်း၊ တစ်အိမ်ထောင်စုတည်းမှ မိသားစုများ ဖြစ်သည်ဟု မှတ်ယူထားကြရမည် ဖြစ်သည်။ မည်သူခွဲခွဲ မကွဲညီညာ လက်တွဲထားကြရမည် ဖြစ်သည်။

သို့မှသာ ပြည်ထောင်စုကြီး ခိုင်မာကာ ထာဝရတည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီးအဖြစ် အဓွန့်ရှည်ကြာ တည်ရှိနေမည် ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များ စတင်မျိုးစေ့ ချပေးခဲ့သည့် ပြည်ထောင်စု စိတ်ဓာတ်သည် ယခုအခါ အကိုင်း၊ အခက်၊ အရွက်၊ အပွင့်၊ အသီးများဖြင့် ခိုင်ဖီးဝေဆာ ဖွံ့ထွားရှင်သန်လျက် ရှိနေပြီဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကြီးသည်လည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်နိုးကြား ရှင်သန်စွာ၊ စည်းလုံးညီညွတ် ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှု များကြောင့် အေးချမ်း တည်ငြိမ် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပန်းတိုင်ဆီသို့ အရောက် ချီတက်လျက် ရှိနေကြပြီ ဖြစ်သည်။

သို့ပါ၍ ပြည်ထောင်စု တိုင်းရင်းသား အားလုံးတို့သည် ပြည်ထောင်စုအမွေ၊ ပြည်ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စု၏ အနှစ်သာရများကို ''ပြည်ထောင်စုဖွား၊ ညီနောင်များ၊ ညီညွတ်ခြင်းသည် တို့အင်အား''အဖြစ်သက်ဝင်ခံယူပြီး ထိန်းသိမ်းစောင့်ရှောက် သွားရမည် ဖြစ်သကဲ့သို့ လက်ဆင့်ကမ်း သယ်ဆောင်သွားကြရမည် ဖြစ်သည်။

ယင်းသည် ပြည်ထောင်စုသား အားလုံးတို့၏ မမေ့အပ်သော အမျိုးသားရေး တာဝန်ဖြစ်ပြီး ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး အတွက် ''ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် နိုးကြားရှင်သန်ရေး''ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူအားလုံးကို တိုက်တွန်းနှိုးဆော်ရင်း ''၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့''အား ကြိုဆိုဂုဏ်ပြု ရေးသား လိုက်ရပါသည်။

အောင်ခန့်ဖြိုးဝေ(တောင်ငူ)

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger