နေပြည်တော် ၁၅-၂-၂ဝ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ပြည်ပဈေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက် နိုင်မည့်ထောပတ်သီး စိုက်ပျိုးရေးဇုန်တစ်ခု တည်ထောင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။
အဆိုပါ ထောပတ်သီး စိုက်ပျိုးရေးဇုန်ကို အကျယ်အဝန်း မြေဧက ၂၅ဝဝဝကျော်ထိ ဆောင်ရွက်ရန် ခန့်မှန်းထားပြီး တောင်သူဦးရေ ၁၅ဝဝ ခန့် ပါဝင်နိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးမည့်ထောပတ်သီး မျိုးအနေဖြင့် မိရိုးဖလာစိုက်ပျိုးနေသည့်မျိုးများအပြင် ကမ္ဘာ့ဈေးကွက်ဝင် မျိုးများကိုလည်း စိုက်ပျိုးနိုင်ရန် စီစဉ်နေကြောင်း၊ အဆိုပါထောပတ်သီး စိုက်ပျိုးရေး ဇုန်အတွက် မြေနေရာကို နိုင်ငံတော်အစိုးရက စီစဉ်ပေးမည်ဖြစ်ပြီး ဇုန်အတွင်း တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စက်ရုံတစ်ခုကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
"မြေနေရာရတာနဲ့ စိုက်ပျိုးရေး လုပ်ငန်းကို စလုပ်တော့မှာပါ။ ဒီဇုန်မှာစိုက်ပျိုးမယ့် တောင်သူတွေလဲ စိုက်ပျိုးဖို့ အသင့်ဖြစ်နေကြပါပြီ။ မြေရပြီဆိုရင် လာမယ့်မိုးဥတုမှာ စိုက်ပျိုးသွားမှာပါ။ မျိုးကိုတော့ လက်ရှိစိုက်ပျိုး နေတဲ့ မိရိုးဖလာမျိုးအပြင် ကမ္ဘာ့ဈေးကွက် ဝင်မျိုးဖြစ်တဲံ့ျေအမျိုးအစား တွေကိုလဲ စိုက်ပျိုးသွားမှာပါ" ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် သူများအသင်းမှ အတွင်းရေးမှူး ဦးလင်းသန့်အောင်က ပြောပြသည်။
၎င်းဇုန်အတွင်း မှထွက်ရှိလာသည့် ထောပတ်သီးများသည် ထုပ်ပိုးမှုမှအစ အရည်အသွေးပါ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်မှ သစ်သီးဝလံ ပြပွဲများတွင်ပါ ပြသသွားမည် ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများကို နယ်စပ်မှတစ်ဆင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ တရားမဝင်နည်းလမ်းဖြင့် တင်ပို့နေကြရကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေရ သည်ဖြစ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ထောပတ်သီးများ ဈေးကောင်းရရှိရန်အတွက် တရုတ်နိုင်ငံနှင့် ပထမဆုံး အစိုးရအချင်းချင်း G to G စနစ်ဖြင့် တင်ပို့နိုင်ရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။
မကြာမီ G to G စနစ်ဖြင့် တင်ပို့မည့် တန်ချိန်နှင့်ဈေးနှုန်းများ ထွက်ရှိလာတော့မည် ဖြစ်ကြောင်း၊ ထောပတ်သီး စိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့် မှန်ကန်စွာ ရွေးချယ်နိုင်စေမည့် နည်းလမ်းစာအုပ်ကိုလည်း လာမည့် ဧပြီလခန့်တွင် ထုတ်ဝေနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။
#Themyawadydaily






No comments:
Post a Comment