www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 15, 2018

ဂုတ်တွင်းလမ်း ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၄ ရက်ထိ လမ်းပိုင်းကို အချိန်ပိုင်းပိတ်ခြင်းများ ဆောင်ရွက်မည်



လားရှိုး ၁၅-၂-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ဂုတ်တွင်းလမ်းတွင် Oriental Highway Co.,Ltd က နိုင်လွန်ကတ္တရာခင်းခြင်း၊ လမ်းနှင့်မလွတ်ကင်းသော သစ်ပင်များ ခုတ်ထွင်ရှင်းလင်းမည် ဖြစ်၍ ဂုတ်တွင်းလမ်းပိုင်းကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၄ ရက်ထိ အချိန်ပိုင်း ပိတ်ထားခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လားရှိုးမြို့ အမှတ် (၁၂ဝ) ယာဉ်ထိန်းတပ်စုမှ သိရသည်။

မန္တလေး-မူဆယ်ပြည်ထောင်စု လမ်းမကြီးသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးကူးသန်း ရောင်းဝယ်ရာတွင် အချက်အချာ ကျသည့်ဆက်သွယ်ရေး လမ်းကြောင်းဖြစ်ကြောင်း၊ ၎င်းလမ်းမကြီးကို AH-14 အဖြစ် သတ်မှတ် ထားသည့်အတွက် ယာဉ်များသွားလာသည့် ကတ္တရာမျက်နှာပြင် အကျယ် ၄၈ ပေ ပြည့်မီရန်နှင့် လမ်းနယ်နိမိတ် အကျယ် ပေ၂၃ဝ ရှိစေရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အာဆီယံစံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းမကြီးပေါ်တွင် နေ့စဉ်ယာဉ်စီးရေ ၅ဝဝဝမှ ၆ဝဝဝ ကျော်ထိဖြတ်သန်း သွားလာလျက်ရှိပြီး တစ်နာရီလျှင် ယာဉ်စီးရေ ၂ဝဝမှ ၂၅ဝထိသွားလာလျက် ရှိကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုများ တစ်ကြိမ်ဖြစ်ပွားလျှင်လည်း တစ်ရက်မှ သုံးရက်ထိ ဖြစ်ပွားတတ်ကြောင်း သိရသည်။

၎င်းယာဉ်ကြော ပိတ်ဆို့မှုများ ကင်းဝေးစေရန် အဆိုပါကုမ္ပဏီက မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးကို လေးလမ်းသွား ကတ္တရာလမ်းတိုးချဲ့ရာတွင် ကျောက်မဲမြို့နယ်အပိုင်း၊ ဂုတ်တွင်းကြိုးဝိုင်း မိုင်တိုင် ၈၄/၇-၈၇/၆အတွင်း လမ်းဗဟိုမှ ပေ ၄ဝ အတွင်း ကျရောက်နေသော သစ်ပင်များကို ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် ၁၅ ရက်ထိ ဖယ်ရှားရှင်းလင်း သွားမည်ဖြစ်သည်။

လမ်းပိုင်း နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများကိုမူ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၄ ရက်ထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့လုပ်ငန်း နှစ်သွယ်ကို ဆောင်ရွက်နေစဉ်အတွင်း ယာဉ်သွားလာမှုကို ကျောက်မဲဘက်ခြမ်းတွင် မိုင်တိုင် ၈၈/ဝ၊ မိုင်တိုင် ၉ဝ/ဝနှင့် နောင်ချိုဘက်တွင် မိုင်တိုင် ၈၁/၇၊ နောင်ချိုတိုးဂိတ် ၇၉/ဝတို့တွင် လမ်းပိုင်း ခေတ္တပိတ်ခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

နိုင်လွန်ကတ္တရာလမ်း ခင်းစဉ် လမ်းပိတ်မည့် အချိန်များမှာ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၄ ရက်ထိ နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီထိဖြစ်ကြောင်း အမှတ် (၁၂ဝ) ယာဉ်ထိန်းတပ်ဖွဲ့စု (လားရှိုး) ထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger