သိန်းနီ ၁၃-၇-၂၀၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူစစ်ဆေးရေး ဂိတ်အနီးရှိ မိုင်းလီစံပြကျေးရွာတွင် ရပ်ထားသော ကုန်တင်ခြောက်ဘီးယာဉ် နှစ်စီးပေါ်မှ တရားမဝင် သယ်ဆောင်လာသော ပိတောက်သစ်များ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများသည် တရားမဝင်သစ်များ တင်ဆောင်လာ သောယာဉ်များ ဖြတ်သန်းသွား ကြောင်းသတင်းအရ စောင့်ဆိုင်း နေသော်လည်း ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာမှ ဇူလိုင် ၁၁ရက် ညပိုင်းက တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
''သစ်ကားနှစ်စီး လားရှိုးဘက်ကနေ ထွက်လာတယ်လို့ သတင်းရတယ်။ စခန်းမှာ စောင့်နေကြတယ်။ သတင်းပေးချက်အရ မိုင်းလီစံပြ ကျေးရွာကို ကျော်ပြီလို့ သိရတယ်။ တစ်ဖွဲ့က မိုင်းလီစံပြကျေးရွာထိ သွားရှာတယ်။ ကျန်တဲ့အဖွဲ့က ဒီစခန်းမှာ စောင့်နေတယ်။ သူတို့တွေကလဲ ရှေ့ပြေးတွေနဲ့ လာတာဆိုတော့ ဒီမှာစောင့်နေတာကို သိသွားပြီး ဆက်မလာတော့ဘဲနဲ့ မိုင်းလီစံပြကျေးရွာမှာ ရပ်ထားတဲ့ ကားတွေကို တွေ့ပြီးဖမ်းမိခဲ့တာပါ''ဟုရေပူစစ်ဆေးရေး ဂိတ်တာဝန်ခံ ဦးတက်ထွန်းအောင်က ပြောပြသည်။
အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် သစ်ခေါက် အတိုအစများဖြင့် ဖုံးအုပ်သယ်ဆောင် လာသော ပိတောက်သစ်များ ကိုတွေ့ရှိခဲ့ပြီး ယာဉ်နှစ်စီးကို လားရှိုးသစ်တောရုံးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီးယာဉ်တွင် လိုင်စင်ရှိ၊မရှိကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ဇူလိုင် ၉ရက်ကလည်း တရားမဝင် ပိတောက်သစ်များကို ဘီယာဖာများဖြင့် ဖုံးအုပ်သယ်ဆောင် လာသောတွဲကား တစ်စီး၊ ၁၂ဘီးကားသုံးစီး၊ ဘော့စ်ကားတစ်စီး ဖမ်းဆီးရမိ ခဲ့ကြောင်းရေပူ စစ်ဆေးရေးဂိတ်မှ သိရသည်။
#Yadanarpondaily






No comments:
Post a Comment