www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 10, 2017

ကြိုးကြာခေါင်းနီ ငှက်သိုက်များတွေ့ရှိခဲ့သည့် အင်းတော်ကြီးကန်တစ်ဝိုက် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်မည်




မြစ်ကြီးနား ၁၀-၇-၂၀၁၇

ကမ္ဘာပေါ်၌ မျိုးသုဉ်းပျောက်ကွယ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ကြိုးကြာခေါင်းနီ ငှက်သိုက်များ တွေ့ရှိခဲ့သည့် ကချင်ပြည်နယ် အင်းတော်ကြီးကန် တစ်ဝိုက်ရှိဒေသများ၌ သားပေါက်နှုန်း မြှင့်တင်ရန် ဂေဟဗေဒစနစ် လေ့လာရေး လုပ်ငန်းများနှင့် ဒေသခံများအား အသိပညာပေး စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတကာ သားငှက်တိရစ္ဆာန် နှင့်အပင်များ လေ့လာရေးအဖွဲ့ (FFI) မှ သိရသည်။

အဆိုပါအဖွဲ့သည် ဒေသခံများ၏ အကူအညီဖြင့် ကြိုးကြာခေါင်းနီ ငှက်သိုက်ရှာဖွေခြင်းကို ၂ဝ၁၆ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ရာ တစ်နှစ်ခန့်ကြာမြင့်ပြီး အကောင်ရေ ၂၃ ကောင်ခန့်သာ ကျန်ရှိသည့် မျိုးသုဉ်းပျောက်ကွယ် မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ကြိုးကြာခေါင်းနီ ငှက်သိုက်ငါးခုကို အင်းတော်ကြီး ကန်တစ်ဝိုက်၌ တွေ့ရှိခဲ့သည်။

အင်းတော်ကြီးဒေသသည် ကြိုးကြာ ခေါင်းနီငှက်များ တစ်နှစ်ပတ်လုံး ကျက်စားရာ ဒေသဖြစ်သော်လည်း အသိုက်ပြုလုပ်မှု မတွေ့ရကြောင်း၊ အသိုက်ပြုလုပ်ခြင်းကို ပထမဆုံးအကြိမ် တွေ့ရှိရခြင်းကြောင့် ယင်းဒေသကို ကြိုးကြာ ခေါင်းနီငှက်ပေါက်ပွားရာ ဒေသအဖြစ် သတ်မှတ်ထားသည်။

''တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လုပ်ငန်းမှာ ကြိုးကြာခေါင်းနီငှက် သားပေါက်ပွားရာ နေရာတွေကို သိရှိနိုင်ဖို့ အလွန်အရေးကြီး ပါတယ်။ သားပေါက်ပွားရာ နေရာတွေကို မထိန်းသိမ်းနိုင်ရင် အကောင်ရေ လျင်မြန်စွာ လျော့နည်းပြီး မျိုးသုဉ်းပျောက်ကွယ် သွားနိုင်ပါတယ်။ ဒါကြောင့် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်မှာပါ'' ဟုအင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ်များသည် ကမ္ဘာပေါ်၌ မျိုးသုဉ်းပျောက်ကွယ်လု နီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ငှက်မျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ တွေ့ရှိရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger