www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 26, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျာမနီနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ လွှတ်တော်ဆိုင်ရာဒုတိယ၀န်ကြီး Dr. Ralf Brauksiepe တို့ ရင်းနှီးစွာတွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျာမနီနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လွှတ်တော်ဆိုင်ရာဒုတိယဝန်ကြီးနှင့် လွှတ်တော်အမတ်ဖြစ်သူ Dr. Ralf Brauksiepe အား 
လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၆-၅-၂၀၁၇

နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သောကြောင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားလုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ကိုဖြေရှင်းရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ နောက်ခံအကြောင်းအရာနှင့် အခြေခံအကြောင်း အရာများမတူညီခြင်း၊ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ ကွဲပြားခြားနားခြင်းများကြောင့် အချိန်ယူလုပ်ဆောင်ရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဂျာမနီနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လွှတ်တော်ဆိုင်ရာ ဒုတိယ ၀န်ကြီး နှင့် လွှတ်တော်အမတ်ဖြစ်သူ Dr. Ralf Brauksiepe အားလက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျာမနီနိုင်ငံ၊ကာကွယ် ရေးဝန်ကြီးဌာန၊ လွှတ်တော် ဆိုင်ရာဒုတိယ၀န်ကြီးနှင့် လွှတ်တော်အမတ် ဖြစ်သူနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E. Mr. Cristian Ludwig Weber Lortsch နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ဂျာမနီနှစ်နိုင်ငံသည် မိတ်ဆွေ အဖြစ်နှစ်ပေါင်းများစွာကပင် ရင်းနှီးစွာဆက်ဆံခဲ့ကြပြီး မြန်မာနိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုအတွက်လည်း ကူညီပေးခဲ့ကြောင်း၊ ပြီးခဲ့သည့်ဂျာမနီနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် မိမိအနေဖြင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ ကြောင်းပြောကြား၍ မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး အတွက်သာတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများတွင် မှန်ကန်စွာ ရပ်တည်လုပ်ဆောင်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် ဒုတိယ၀န်ကြီးက မြန်မာနိုင်ငံ၏ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများတွင် တပ်မတော်အနေဖြင့် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ကူညီလုပ်ဆောင် နေခဲ့သည်ကိုသိရှိပါကြောင်း၊ ဆက်လက်ပြီး ဒီမိုကရေစီ လမ်းကြောင်း ခိုင်မာအောင်ရပ်တည် ဆောင်ရွက်သွားမည်ဟု တပ်မတော်၏ ပြောကြားထားရှိမှု အပေါ်တွင်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မြန်မာ့တပ်မတော်ကို တောင့်တင်း ခိုင်မာပြီး နိုင်ငံပြုပြင် ပြောင်းလဲမှု များဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပိုမိုတိုးတက် အောင်မြင်အောင် လုပ်ဆောင်နိုင်သည့် တပ်မတော်တစ်ရပ် ဖြစ်စေရေး ကူညီလုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြောကြား၍ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှုမြှင့်တင်ရေး၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေးပွဲများအပါအ၀င် လက်တွေ့ကျကျ လုပ်ဆောင်နိုင်မည့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး ကြသည်။

ဆက်လက်ပြီး ဧည့်သည်တော် ဒုတိယ၀န်ကြီးက အရှေ့နှင့်အနောက် ဂျာမနီနှစ်နိုင်ငံ ပြန်လည်ပူးပေါင်းရေး အတွက်စိတ်ရှည် သည်းခံမှုများနှင့် အချိန်ပေးပြီး အောင်မြင်စွာညှိနှိုင်း လုပ်ဆောင်ခဲ့မှု၊ အတိတ်ကာလ 
ကွဲပြားခြားနား မှုများကိုပြည်ဖုံးကားချ၍ ဂျာမနီတပ်မတော် တစ်ခုတည်းသာရှိသည် ဟူသောခံယူချက်ဖြင့် တပ်မတော်နှစ်ရပ် ပြန်လည်ပေါင်းစည်းရေး အတွက်ကြိုးပမ်း ဆောင်ရွက်ခဲ့မှု အခြေအနများကို ဆွေးနွေးပြော
ကြားပြီး မြန်မာ့တပ်မတော် ၏အခန်းကဏ္ဍနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းသည်။

ဧည့်သည်တော်၏ ဆွေးနွေးမေးမြန်း ချက်အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖယ်သွားမည် မဟုတ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံ
ခြုံရေးအရ တည်ငြိမ်အေးချမ်းမှု ရှိရန်လိုအပ်သည့် အတွက်တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးရရှိအောင်
 ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ အခန်းကဏ္ဍမှာလည်း ယင်းအခြေအနေ အပေါ်တွင်မူတည်ကြောင်း၊ ငြိမ်းချမ်းရေးကိုလက်ခံပြီးပါက လုံခြုံရေးအရပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို သွားရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger