www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 2, 2017

မြန်မာနိုင်ငံရှိ သရက်သီးများကို အနှစ်ထုတ်၍ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရန် စီစဉ်



မန္တလေး ၂-၅-၂၀၁၇

ယခုနှစ် သရက်သီးရာသီတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် သရက်သီးများကို အနှစ်ထုတ်၍ ရုရှားနိုင်ငံသို့ တန်ချိန် ၁၂ဝခန့် တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာ့သရက် ဈေးကွက် နှင့်နည်းပညာဖွံ့ ဖြိုးတိုးတက် ရေးအသင်း (မန္တလေး)မှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရင်ကွဲသရက်သီး အမျိုးအစားအား အနှစ်ထုတ်၍ အဓိကထားတင်ပို့ သွားမည်ဖြစ်ပြီး မြန်မာ့သရက်သီးဈေးကွက် အတွင်းစုစည်း ဝယ်ယူ၍ Myanmar Golden Product ကုမ္ပဏီမှ သရက်သီးပေါများသည့် မေလနောက်ဆုံးပတ်ခန့်မှ စတင်တင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။

''အခြားသရက် အမျိုးအစားတွေ လဲပါချင်ပါမယ်။ အနှစ်ကိုကျိုထား တဲ့သဘောပါ။ အလုံးလိုက်တင်ပို့ ဖို့လဲရှိပါတယ်။ လက်ရှိတော့ မန္တလေး၊ မူဆယ်၊ ရန်ကုန်ဈေးကွက် တွေရှိနေတယ်''ဟု အဆိုပါ အသင်းဥက္ကဋ္ဌ ဦးကိုကိုက ပြောပြသည်။

ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ် သရက် ရာသီတွင် ရာသီကုန်ခါနီးမှ တင်ပို့ရသည့် အတွက် ရုရှားနိုင်ငံသို့ ကွန်တိန်နာ နှစ်လုံး (နှစ်တန်ခန့်) သာဈေးကွက် စမ်းသပ်သည့် အနေဖြင့် တင်ပို့နိုင်ခဲ့ပြီး ယခုမေလ ဆန်းပိုင်း အတွင်း မြန်မာ့ သရက်သီးများကို စင်ကာပူနိုင်ငံသို့ အလုံးလိုက်တင်ပို့ ရန်လည်း အစီအစဉ်ရှိကာ ယခုနှစ် အတွင်း ပြည်ပနိုင်ငံငါးနိုင်ငံသို့ Export တင်ပို့ရန်ရှိကြောင်း သိရသည်။

'' ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ လေတိုက်လို့ သရက်အကြွေ သီးများ တဲ့အတွက် ဈေးနည်းနည်းကျခဲ့တယ်။ အခု ဈေးပြန်ရနေတယ်။ သရက်သီးကတော့ အဝင်ပုံမှန်ပါပဲ။ ဒီနှစ်တော့ သရက်သီးရှားမယ်လို့ ယူဆတဲ့အတွက် ဈေးကွက်ကောင်း နိုင်ပါတယ်''ဟု အဆိုပါ အသင်း အတွင်းရေးမှူး ကိုကျော်စိုးနိုင်က ပြောပြသည်။

လက်ရှိတွင် မူဆယ်ဈေးကွက် ၌ စိန်တစ်လုံးသရက်သီး အိတ်စွပ် ၁၆ ကီလိုတစ်ခြင်းလျှင် တရုတ်ယွမ်ငွေ ၁ဝဝမှ ၁၄ဝထိ၊ အိတ် လွတ်တစ်ခြင်းလျှင် တရုတ်ယွမ်ငွေ ၆ဝ မှ ၉ဝ ထိ၊ မယ်သီ သရက်သီးစိတ် အိတ်စွပ်တစ်ခြင်းလျှင် တရုတ်ယွမ်ငွေ ၁၁ဝ၊ ရန်ကုန်ဈေးကွက်တွင် အိတ်စွပ်သီး ၁၄ ကီလိုတစ်ဖာလျှင် ငွေကျပ် ၁၄ဝဝဝမှ၂၂ဝဝဝထိ၊ မန္တလေး ဈေးကွက်တွင် အိတ်လွတ်သီး တစ်လုံးလျှင် ငွေကျပ် ၂ဝဝမှ ၆ဝဝထိဈေးရှိကြောင်း သိရသည်။

ယခုနှစ် သရက်သီးပေါ်ချိန်တွင် သရက်ခြံများ၌ သရက်သီးတင်နှုန်း နည်းပါးပြီး Quality Size  လည်း သေးသည့်အတွက် သရက်သီးရှားနိုင်ကာ သရက်သီးဈေးနှုန်းလည်း ကောင်းနိုင်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger