နေပြည်တော် ၁၉-၅-၂၀၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဝက်ဖြူရေ ကြိုးဝိုင်းအတွင်း မြေဧရိယာ ဧက ၉ဝဝ၌ ရှမ်းရိုးမ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းတစ်ခု တည်ထောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သယံဇာတ နှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။
အဆိုပါရှမ်းရိုးမ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းကို မိတ္ထီလာတောင်ကြီး ကားလမ်းမိုင်တိုင် အမှတ် (၅၄/၃) အနီး ကလောမြို့နယ် နန့်ပန်တက်ကျေးရွာမှ နှစ်မိုင်ခန့်အကွာ ဝက်ဖြူရေကြိုးဝိုင်း အတွင်း မြေဧရိယာ ဧက ၉ဝဝတွင် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။
လက်ရှိတွင် အဆိုပါ ရှမ်းရိုးမ ဆင်ထိန်းသိမ်းရေး စခန်း၌ မြန်မာ့ သစ်လုပ်ငန်းမှ ဝန်တင်ဆင်၊ ဆင်အိုနှင့် ဆင်ငယ်များထားရှိပြီး အများပြည်သူ လာရောက်လည်ပတ် အပန်းဖြေ နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိသည်။ အဆိုပါဆင်စခန်းတွင် ဆင်ဝိုင်းနှစ်ဝိုင်းနှင့် ဆင် ၁၂ကောင်ခန့် ထားရှိနိုင်ရေးနှင့် ဆင်များအတွက် အစားအစာနှင့် ရေတစ်နှစ်ပတ်လုံး ဖူလုံမှုရှိစေရန်၊ နိုင်ငံတကာခရီးသွား ဧည့်သည်များနှင့် အများပြည်သူ အလွယ်တကူလာရောက် လည်ပတ် အပန်းဖြေနိုင်သည့် နေရာဖြစ်ရန်အတွက် ဦးစားပေး ဆောင်ရွက် သွားမည်ဖြစ်သည်။
ထို့ပြင် အဆိုပါ ဆင်စခန်းအတွင်း ဆင်များ၏သဘာဝ အလျှောက် နေထိုင်ကျက်စားပုံကို လေ့လာခြင်း၊ ဆင်စီးခြင်းများအပြင် တောတွင်း လျှောက်လမ်းများ ဖောက်လုပ်၍ လာရောက်လည်ပတ် အပန်းဖြေသူများကို ဆွဲဆောင်မှုရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment