www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 19, 2017

ဈေးချိုတော်တွင် ယာဉ်ကြောစီးဆင်းမှု အဟန့်အတားဖြစ်နေခြင်းကို ဇွန်လမှစ၍ Wheel Lock ဖြင့်စတင်အရေးယူမည်



မန္တလေး ၁၉-၅-၂၀၁၇

မန္တလေးဈေးချိုတော်တွင် ယာဉ်ကြောစီးဆင်းမှု အဟန့်အတားဖြစ် နေမှုကို ယခုလအတွင်း ပညာပေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ပြီး ဇွန်လမှစ၍ Wheel Lock ဖြင့် စတင်အရေးယူ သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးနှင့်သားသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့အတွင်း၌ လူသုံးကုန်ပစ္စည်း အမျိုးမျိုးနှင့် အခြားစားသောက်ကုန်ပစ္စည်း အမျိုးမျိုးအပြင် ဆေးဝါးများကိုလက်လီ၊ လက်ကားဖြန့်ဖြူး ရောင်းချနေသည့် ဈေးအများအပြား ရှိသည့်အနက် ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွင်အချက်အချာကျပြီး ရောင်းသူ၊ ဝယ်သူများဖြင့် နေ့စဉ်စည်ကား များပြားသည့် ဈေးချိုတော်အနီး တစ်ဝိုက်တွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူတို့၏ မော်တော်ယာဉ် များဖြင့် ရှုပ်ထွေးကာ လမ်း၏ဝင်ဆံ့ နိုင်သည့် ယာဉ်အစီးရေ နှင့်မျှတမှုမရှိဘဲ ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက် ရှိသည့်အတွက် ယာဉ်ကြော တစ်ခြမ်းတည်းသာ ရပ်နားစေခြင်းဖြင့် ယာဉ်ကြော ရှုပ်ထွေးမှုကို ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးဈေးချိုတော်အနီး ယာဉ်ရပ်နားမှု ပုံစံများနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်း/တံတားဌာန၊ဈေးနှင့် သားသတ်ဌာန၊ ဈေး အကျိုးတော် ဆောင်အဖွဲ့နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့တို့ ပူးပေါင်းကာ ယခုလအတွင်း၌ ယာဉ်ရပ်နားမှုပုံစံများ အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ပညာပေးကာလ ပြီးဆုံးပါက ဇွန်လမှစ၍ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို Wheel Lock များဖြင့်ခတ်ထားကာ ဒဏ်ငွေရိုက် အရေးယူမှုများ စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့် ဈေးချိုတော်တွင် ယာဉ်ရပ်နားရန် နေရာသတ်မှတ် ပေးမှုပုံစံအရ ၈၄လမ်း၊၂၆လမ်းနှင့် ၂၇လမ်းကြားတွင် စက်ဘီး၊ ဆိုင်ကယ်ရပ်နား ရန်နေရာကို ၁၂၉ပေ ထိနေရာချထားပေး သွားမည်ဖြစ်ပြီး ကုန်တင်၊ ကုန်ချပြုလုပ်မည့် နေရာအတွက် အရှည်၂၁၂ပေ ပေးသွားမည်ဖြစ်ကြောင်း၊ ဝင်၊ ထွက်ပေါက်နေရာအတွက် အကျယ် ၈၅ပေနေရာ ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင်မြောက်ဘက် တိုက်တန်းတွင် သီးသန့်ယာဉ်ကြော တစ်ခြမ်းသာ ရပ်နားမည့် နေရာကို အရှည် ပေ ၄၄ဝနေရာ ပေးထားပြီး ယာဉ်များအဝင်၊ အထွက် ပြုလုပ်နိုင်ရန် အတွက် အကျယ် ပေ၆ဝ နေရာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန်းမြန်မာပလာဇာ ၈၄လမ်း၊ ၂၇လမ်းနှင့်၂၈လမ်းကြားတွင် စက်ဘီး၊ ဆိုင်ကယ်ရပ်နားရန် နေရာအတွက်အရှည် ပေ ၁၄ဝ၊ ကုန်အတင်အချ နေရာအတွက် အရှည်၂၈၃ ပေ၊ အဝင်၊ အထွက် နေရာအတွက် အကျယ် ပေ ၆ဝ ပေးသွားမည့် အပြင် တောင်ဘက်တိုက်တန်းတွင် ယာဉ်ရပ်နားရန်နေရာ အတွက် အရှည်ပေ ၄၄ဝနှင့် အဝင်၊ အထွက်နေရာကို အကျယ်ပေ ၆ဝ နေရာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger