ပြည်သူအတွက် ပြည်သူ့ဝန်ဆောင်မှုရုံးများ
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ၂ဝ၁၁ ခုနှစ်မှစ၍ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက် ခဲ့ရာတွင် ပြည်သူအတွက် ပြည်သူ့ဝန်ဆောင်မှု ရုံးများကို မြို့နယ်များ၌ ဖွင့်လှစ်ခဲ့သည့် လုပ်ငန်းလည်း ပါဝင်သည်။ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း ရှေ့ပြေးစီမံချက် အရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ လယ်ယာ မြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့ဖြင့် စတင်ဆောင်ရွက် ခဲ့သည်။
ယခုအခါ ပြည်သူတို့၏ လိုအပ်ချက်အရ တောင်းဆိုမှု များကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနတို့ကို ထပ်မံ ဖွင့်လှစ်ပေး လိုက်ပြီး ဖြစ်သဖြင့် မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး ၁၅ ရုံးအထိ တိုးချဲ့ ဆောင်ရွက်ပေးလျက် ရှိသည်။ မြို့နယ်များ၌ ဖွင့်လှစ်ထားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများက ဝန်ဆောင်မှု ပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လုပ်ငန်းလိုအပ်ချက် အပေါ် မူတည်၍ ဌာနဆိုင်ရာ လိုအပ်မှု ကွာခြား နိုင်ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး များတွင် ဌာနအလိုက် ဖွဲ့စည်းပုံ အမှန်မရှိသေး သော်လည်း သက်ဆိုင်ရာ ဌာနမှ ဝန်ထမ်းများအား အလှည့်ကျ ဆောင်ရွက်စေခြင်း၊ လုပ်ငန်း ကျွမ်းကျင်၍ ဆက်ဆံရေး ကောင်းမွန်သူ များအား ရွေးချယ်စေလွှတ် တာဝန်ပေးခြင်း၊ ပြည်သူ့ ဝန်ဆောင်မှုရုံး၌ ပါဝင်သည့် သက်ဆိုင်ရာ ဦးစီးဌာနများက လုပ်ငန်း ဆောင်ရွက်ရာတွင် အချိန်တို အတွင်းမှာပင် ကုန်ကျစရိတ် သက်သာစွာ ဆောင်ရွက်ပေး နိုင်မည့် နည်းလမ်းများဖြင့် လုပ်ထုံးလုပ်နည်း အချို့ကို ဖြေလျှော့သွား နိုင်ရေး၊ တစ်ရက်တည်းဖြင့် ဆောင်ရွက်ပေး နိုင်မည့် လုပ်ငန်းများ ရွေးချယ် သတ်မှတ်၍ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများ အတွက် တာဝန် ပေးအပ်မည့် ဝန်ထမ်းများ ပုံမှန် ထားရှိနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက် နေကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ရှင်းလင်း ပြောကြားချက် အရ သိရသည်။
မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး များမှ ဆောင်ရွက်ပေး နိုင်သော လုပ်ငန်းများမှာ အခွန်လေးမျိုး အပါအဝင် မြေငှားဂရန်ပုံစံ (၁ဝ၅)၊ ဘိလိယက်ခုံ လိုင်စင်၊ ပွဲမိန့် လျှောက်ထားခြင်း၊ အိမ်ထောင်စုဇယား မှတ်တမ်းများ၊ နိုင်ငံသား စိစစ်ရေးကတ် လျှောက်လွှာ၊ သေဆုံး မှတ်ပုံတင်၊ ပထမသတင်းပေး တိုင်ကြားမှု၊ မီးဘေး လုံခြုံရေး ကိစ္စများ၊ စည်ပင် သာယာရေးနှင့် သက်ဆိုင်သည့် ကိစ္စများ၊ အလုပ်သမား ကိစ္စများ၊ မွေးမြူရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ၂ဝ၁၆ ခုနှစ်အတွင်း ဆောင်ရွက်ပေး ခဲ့သည့် လုပ်ငန်းပေါင်း ၁၅၅၈၇၆၁ ရှိသည်။
ယခင်အချိန် ကာလက နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံးသူ တစ်ဦးသည် အစားထိုး ကတ်တစ်ခု ပြုလုပ်ရန် ပထမဦးစွာ မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနသို့ သွားရသည်။ ၄င်းရုံးမှ လိုအပ်သော စာရွက်စာတမ်းများ ရယူပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ထောက်ခံချက်၊ ဒေသန္တရ ကျန်းမာရေး ဌာန ထောက်ခံချက်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူး ထောက်ခံချက်တို့ကို ရယူပြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနသို့ ပြန်လည် သတင်းပို့ ဆောင်ရွက်ရသည်။ နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံးကြောင်း ထောက်ခံချက်သည် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး ကိုယ်တိုင် လက်မှတ်ရေးထိုး ရသော ကိစ္စဖြစ်သဖြင့် အချိန်ပေး စောင့်ဆိုင်းရသည်။ တစ်နေရာမှ တစ်နေရာ သွားရသည် ကလည်း အချိန်ကုန် ငွေကုန်သည်။ ယခု အချိန်တွင် မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး များ၌ ဌာနဆိုင်ရာများ စုပေါင်းရုံး ဖွင့်ထားခြင်းကြောင့် အချိန်တို အတွင်း စရိတ်စက သက်သာစွာ လုပ်ငန်းပြီးစီး အောင် ဆောင်ရွက်နိုင် ကြသည်မှာ ပြည်သူများ ဝမ်းမြောက်ဖွယ် ဖြစ်သည်။
ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းပြီးစီး အောင်မြင်သော အခါ မိမိတာဝန် ကျေပွန်မှု အတွက် ဂုဏ်ယူဖွယ် ဖြစ်သကဲ့သို့ ပြည်သူများ အနေဖြင့်လည်း ဝမ်းမြောက် ဝမ်းသာကြမည် ဖြစ်သည်။ အလုပ်ကိစ္စ အောင်မြင်ပြီးစီး လျှင် အကျိုးကို ညီတူညီမျှရ၏ဆိုသည့်သဘောဖြစ်သည်။ အလုပ်ကိစ္စ ချွတ်ယွင်းပျက်စီး သွားလျှင် ရှေ့ဆောင်သူ ကိုသာ ဝိုင်းဝန်း၍ အပြစ်တင်ကြ၏ ဆိုစကားကိုလည်း အလေးထား ကြရပေမည်။ မည်သည့်လုပ်ငန်း ဖြစ်စေ ရှေ့ဆောင်သူတို့၏ အမြော်အမြင် ရှိမှု၊ လက်တွေ့ ဖော်ဆောင်မှု၊ ဖွဲ့စည်းမှုနှင့် အဆင့်ဆင့် တာဝန်ယူတတ်မှု တို့ရှိကြရမည် ဖြစ်ရကား သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ပီပြင်ရေးသည် ဆိုခဲ့သော အချက်များနှင့် ပြည့်စုံရန် လိုအပ်ပေသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)





No comments:
Post a Comment