www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 20, 2017

လေထုညစ်ညမ်းမှုနှင့် မှားယွင်းသော မွေးမြူမှုပုံစံတို့ကြောင့် ပျားရည်သန့်ရှင်းမှု အားနည်းလာ



မုံရွာ ၊ ၂၀-၂-၂၀၁၇

ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှုနှင့် ပျားမွေးမြူသူများ၏ မှားယွင်းသော မွေးမြူမှုပုံစံ တို့ကြောင့် ပျားရည်၏ သန့်ရှင်းမှု အားနည်းလာကြောင်း ပျားရည်အသုံးပြု ရသူ မုန့်လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။

''အရင်က ဈေးကွက်ကို ပျားရည်တင်ပို့ရင် သကြားဓာတ် ပါဝင်တာ၊ ရေပါဝင်တာ၊ ဂလူးကို့စ်နဲ့ ဖရတ်တို့စ် ပါဝင်တဲ့ ရာခိုင်နှုန်းကို အဓိကထား သတ်မှတ်ခဲ့ ပါတယ်။ အခု အခြေအနေက အဲဒီစံ သတ်မှတ်ချက် တွေသာမက ပျားရည်ရဲ့ ဓာတုဓာတ်ကြွင်း အာနိသင်မပါရှိဖို့ ကိုလဲ တင်းတင်းကျပ်ကျပ် တားမြစ်ထားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပျားရည်ဈေးကွက် ရေရှည် ကောင်းမွန်တည်ရှိ စေဖို့ ပျားမွေးမြူသူတွေ အနေနဲ့ ကိုယ်ထုတ်တဲ့ ပျားရည်နဲ့ ပျားထွက် ပစ္စည်းတွေမှာ ဓာတုဓာတ်ကြွင်း အာနိသင် မရှိစေဖို့အတွက် သိရှိလိုက်နာ ဆောင်ရွက် သွားရင် ကောင်းပါမယ်'' ဟု မုန့်လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

ပျားရည်တွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါဝင်တွေ့ရှိရသည့် အဓိကအချက်များ အနေဖြင့် ပျားရောဂါ ကုသသည့် ဆေးဝါးများ စနစ်တကျ အသုံးမပြုခြင်းနှင့် ဖြည့်စွက်စာ(၁) နှင့်(၂) တိုက်ကျွေးသည့် အခါ မလိုအပ်သော ဆေးဝါးများ အသုံးပြု သောကြောင့် ပျားများ ပိုးသတ်ဆေးမိ၍ အုံအတွင်း ပြန်လာသည့်အခါ ပျားကောင်တွင် ကပ်ပါလာ ခြင်းဖြင့် ပျားသလက်ပေါင် အတွင်းသို့ ပိုးသတ်ဆေး ဓာတုဓာတ်ကြွင်း အာနိသင်များ ရောက်ရှိလာခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ပျားလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပျားရည်တွင် ဓာတုဓာတ်ကြွင်း အာနိသင် မပါရှိစေရေး မွှားရောဂါ ကုသမှုအတွက် ဆေးများကို ပျားရည်ထုတ် ရာသီအတွင်းနှင့် ပျားရည်ထုတ် ရာသီမတိုင်မီ ငါးပတ် အကြို ကာလတွင် သုံးစွဲခြင်း မပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

မွှားရောဂါကို တစ်နှစ်ပတ်လုံး ကုသ နေရခြင်းသည် ပျားရည်တွင် ဓာတုဓာတ်ကြွင်း အာနိသင်များ ပါရှိသည့် အဓိက အကြောင်းရင်း ဖြစ်၍ ပျားရည်တွင် ဓာတုဓာတ်ကြွင်း အာနိသင်များ ကင်းစင်စေရေး အတွက် မွှားရောဂါ ကာကွယ်ကုသမှု ကို တစ်ချိန်တည်း လုပ်ဆောင်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေး အဖြေရှာ သင့်ကြောင်း ပျားလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ထို့ပြင်မီတက် (Amitraz) သည် ဓာတုဓာတ်ကြွင်း အာနိသင် အများဆုံး ပါဝင်နေသည်ကို တွေ့ရသောကြောင့် သုံးစွဲသူများ အနေဖြင့် လျှော့ချသင့်ပြီး ပျားရည်ထုတ် ကာလတွင် လုံးဝမသုံးစွဲ သင့်ကြောင်း၊ ဖြည့်စွက်(၁)နှင့် (၂) တိုက်ကျွေးရာတွင်  Antibiotic ဆေးများ လုံးဝမသုံးစွဲရေး အတွက် လိုက်နာဆောင်ရွက် ကြရန် လိုကြောင်း သိရသည်။

ပိုးသတ်ဆေးမိသည့် ပျားအုံများမှ ပျားသလက်ပေါင် အားလုံးကို ဖျက်ဆီးရန်နှင့် ထုတ်ယူထားသည့် ပျားရည်များကိုလည်း သုံးစွဲခြင်းမပြုရန် အရေးကြီး သကဲ့သို့ သားလောင်းပုပ် ရောဂါဖြစ်ပွား ပါက Antibiotic ဆေးများကို လုံးဝမသုံးစွဲဘဲ မီးရှို့ဖျက်ဆီးပစ် ရမည်ဖြစ်ကြောင်း သိရသည်။

ရောဂါကာကွယ် ကုသမှုပြီးဆုံးသည့် အခါ ပျားအုံများအတွင်း နှင့်အပြင် သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်ပြီး ပျားရည်တွင် ဓာတုဓာတ်ကြွင်း အာနိသင် ပါရှိပါက ပျားရည်ဈေးကွက် ပျက်စီးမည် ဖြစ်သောကြောင့် ပျားမွေးမြူသူ အားလုံးသည် ရောဂါ ကာကွယ်ကုသမှု များကို စနစ်တကျ လုပ်ကိုင်၍ မလိုလားအပ်ဘဲ ကန့်သတ်ထားသော ဆေးဝါးများ သုံးစွဲမှုကို ရှောင်ရှား လိုက်နာကာ ကောင်းမွန်သော ပျားမွေးမြူရေး ကျင့်စဉ်များအတိုင်း မွေးမြူလျှင် ပျားရည်တွင် ဓာတုဓာတ်ကြွင်း အာနိသင်များ ကင်းရှင်းမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger