www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 15, 2017

လွယ်ဂျယ်နှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါးမြင့်တက်လာ



နေပြည်တော် ၊ ၁၅-၂-၂၀၁၇

မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု လျော့ကျလာသော်လည်း လွယ်ဂျယ်နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတို့မှ ကုန်သွယ်မှုမြင့်မား လာကာ အမေရိကန် ဒေါ်လာ သန်း ၂၈ဝ နီးပါးအထိ ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင် ထံမှ သိရသည်။

''အခုဘဏ္ဍာနှစ် ထဲမှာဆိုရင် မြန်မာ-တရုတ် ကုန်သွယ်ရေးမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းက ကုန်သွယ်မှု ကျဆင်းပေမယ့် လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းတွေဘက်က ကုန်သွယ်မှု မြင့်တက် လာတာကြောင့် ကုန်သွယ်မှု တိုးတက်လာတယ်။ ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ဆိုရင် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း ကလည်း ကုန်သွယ်မှု တက်လာတယ်'' ဟု ဦးခင်မောင်လွင် က ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံးရှိ နယ်စပ်ကုန်သွယ်မှု သည် ဇန်နဝါရီလကုန် အထိ စာရင်းများအရ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူ ကာလထက် ကုန်သွယ်မှုတိုးတက် လာခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၁၅ဝ ကျော်အထိ ပိုမိုကုန်သွယ် နိုင်ခဲ့သည်။

နယ်စပ် ကုန်သွယ်မှုတွင် မြန်မာ- တရုတ် ကုန်သွယ်မှုမှာ ၇ဝ ရာခိုင်နှုန်းကျော် ရှိနေပြီး ထိုင်းနိုင်ငံနှင့် အဓိက ကုန်သွယ်မှု ပြုလုပ်ရာ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း ၌ ပြီးခဲ့သည့်နှစ် အလားတူ ကာလထက် အမေရိကန် ဒေါ်လာ ၁၄၅ သန်းကျော် ပိုမိုကုန်သွယ် နိုင်ခဲ့ပြီး တခြားသော နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှလည်း ကုန်သွယ်မှု အခြေအနေ တိုးတက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ များနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်၍ ကုန်သွယ်လျက် ရှိရာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့်ထိုင်း စသည့်နိုင်ငံ များနှင့်လည်း ကုန်သွယ်လျက် ရှိပြီး နယ်စပ် ကုန်သွယ်ရေး စခန်းပေါင်း ၁၆ ခုဖွင့်လှစ်ကာ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အလားတူ ကာလက အမေရိကန် ဒေါ်လာ ၅၈၂၂ ဒသမ ၃၇၂ သန်း ရရှိခဲ့သော်လည်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၉၇၃ ဒသမ ၈ဝ၄ သန်း ရရှိ ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger