www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 1, 2016

အရက်စက်ဆုံး အပြင်းထန်ဆုံး အမိုက်ကန်းဆုံး ရှမ်းအရှေ့မြောက်ဖျား တိုက်ပွဲများကြားက အော်သံဟစ်သံ ငိုညည်းသံများ


( ဟံသာဝတီ ဦးအုန်းကြိုင် )

ကျွန်တော် မူဆယ်မှာနေတာ ၁၈ နှစ်ရှိပြီ။ ကျွန်တော့်ဇနီးက မူဆယ်မှာ နေလာတာ အနှစ် ၂ဝ ကျော်ပြီ။ ဒီလိုအဖြစ်မျိုး တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူး ပါဘူးဗျာ။ ဒါ့အပြင် KIA ကိုလည်း ဒီလောက် ရက်စက်ယုတ်မာ လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ အခု ကိုယ်တိုင်ကိုယ် တွေ့သိလိုက်ရ ပါတယ်ဗျာ။ ကျွန်တော့်တစ်သက် အရက်စက်ဆုံး မြင်ကွင်းကိုလည်း မြင်လိုက်ရတယ်။ အပြင်းထန်ဆုံး အမိုက်ကန်းဆုံး တိုက်ပွဲထဲမှာ ကိုယ်တိုင် တွေ့ကြုံ ခံစားလိုက်ရတယ်။

တပ်မတော်က ပြန်မပစ်ခင်မှာ ကျွန်တော်တို့ ရွာထဲမှာ ရှိတဲ့လူတွေကို ကုန်းပေါ်တက်ပြီး လာနေကြဖို့နဲ့ သစ်သီး ပွဲရုံတွေဘက်မှာ ရှောင်နေကြဖို့ လာခေါ်တယ်။ ကျွန်တော်တို့ အိမ်က ကလေးမလေး နှစ်ယောက် သစ်သီးပွဲရုံ ဘက်ကို ရောက်သွား နိုင်ပေမယ့် ကျွန်တော်တို့ ရွာမှာနေတဲ့ မအိတို့ မိသားစုက သူတို့ရဲ့မော်တော်ကားနဲ့ သစ်သီးပွဲရုံ ဘက်ကို သွားနေတုန်း လမ်းတစ်ဝက် အရောက်မှာ သူတို့ မော်တော်ကားကို KIA တွေက လှမ်းပစ်ကြတယ်။ မအိ ကိုသေနတ် ခြောက်ချက် ထိမှန်ပြီး နေရာမှာတင် သေသွားတယ်။ သူ့ယောက်ျားနဲ့ ကလေး နှစ်ယောက်ကို ကျွန်တော်တို့ဆီ ပြေးလာကြဖို့ လှမ်းခေါ် လိုက်ရတယ်။ သေနတ်ထိမှန်တဲ့ မအိ ကိုကယ်ဖို့ သွားတဲ့ ကြက်ခြေနီ ကားကိုလည်း KIA က ဝိုင်းပစ်ကြတယ်။ သေနတ်ထိမှန် နေတဲ့သူ ကိုလည်း အချိန်ကြာတဲ့ အထိ သွားမကယ်နိုင်ဘူး။ အပြစ်မရှိတဲ့ ပြည်သူတွေတင် မကဘူး၊ နိုင်ငံတကာက အသိအမှတ်ပြု တဲ့ ကြက်ခြေနီ လူနာတင်ယာဉ် ကိုပါ ပစ်တယ်ဆိုတာ ဟာ လူစိတ် ကင်းမဲ့တယ်။ ရက်စက် ယုတ်မာ လွန်းတယ်လို့ ပြောချင်တယ်ဗျာ။

အရက်စက်ဆုံး ပစ်ခတ်သံတွေကြားက မက်ဆေ့ခ်ျသံများ

အထက်ပါ စကားသံများက ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး စခန်းအနီး မိုင်ယုရွာ တွင် နေထိုင်သည့် စာရေးသူ၏ မိတ်ဆွေ ကိုဇော်ကြီး ထံမှ နိုဝင်ဘာ ၂၂ ရက်နေ့က တယ်လီဖုန်း မက်ဆေ့ခ်ျဖြင့် ပြောပြနေသော စကားသံများ ဖြစ်သည်။ ထိုစကားသံများ ထဲဝယ် နာကြည်း ကြေကွဲငိုညည်းသံ တို့က စွက်နေလေသည်။

နိုဝင်ဘာ ၂ဝ ရက် နံနက် လင်းအားကြီး အချိန်က စတင်၍ မူဆယ်မြို့တွင် သေနတ်ပစ်သံ ခတ်သံတွေ စတင်ကြား ကြရသည်ဟု ဆိုသည်။ ကိုဇော်ကြီး က ပြောပါသည်။ ကျွန်တော်တို့ အိမ်က မူဆယ် မိုင်ယု (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန် အဝင်ဂိတ်ပေါက်ဝ နားမှာရှိတာပါ။ အဲဒီ မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ ကချင်ဘာသာနဲ့ စကားပြောသံတွေ ကြားရပြီး သေနတ်တွေ တရစပ် ပစ်ခတ်သံတွေ ကြားလိုက်ရ ပါတယ်။

ကျွန်တော်တို့ မိသားစုအားလုံး အိမ်အောက်ထပ် က လှေကားအောက်မှာ ဝပ်နေကြရတယ်။ ကျွန်တော်တို့ အိမ်က သုံးထပ် ဖြစ်တာမို့ ပစ်သံခတ်သံတွေ ကြားနေရတော့ ကျွန်တော် အိမ်ပေါ်ထပ်ကို ပြေးတက်သွားပြီး အပေါ်ထပ်ကနေ လမ်းပေါ်ကို ကြည့်မိတော့ သေနတ်ကိုင်ပြီး တရစပ် ပစ်ခတ်ပြီး လမ်းမကြီးပေါ်မှာ တွေ့သမျှ ပစ်နေတဲ့ စစ်လူတစ်ယောက် ကို လှမ်းမြင်ရတယ်။ အဲဒီ စစ်လူဟာ ကချင်လို ပြောဆို အော်ဟစ်နေပြီး ကချင်တံဆိပ် ယူနီဖောင်း ဝတ်ထားပါတယ်။ သူနဲ့အတူ ယူနီဖောင်းဝတ် သေနတ် ကိုင်ရမ်းနေတဲ့ အမျိုးသမီး တစ်ယောက် ပါလာတာကို လည်း တွေ့လိုက်ရတယ်။ နောက် သူတို့လို လေးငါးခြောက်ယောက် လောက်စုမိသွား ကြတယ်။ သူတို့က ရှေ့မှာ မြင်မြင်သမျှ တရစပ် ပစ်သွားနေကြတယ်။ နောက်တော့ ရဲကင်းဘက်ကို လက်နက်ကြီးနဲ့ တစ်ယောက်က လှမ်းပစ်လိုက်တာ မြင်လိုက်ရတယ်။

တပ်မတော်မှ ဂရုတစိုက်

နောက်တော့ တပ်မတော်က အဲဒီ လက်နက်ကိုင် တွေကို ပြန်မပစ်ခင်မှာ ကျွန်တော်တို့ ရွာထဲမှာ ရှိသမျှ ရွာသူ၊ ရွာသားတွေကို တပ်စွဲထားရာ ကုန်းပေါ်မှာ လာနေကြဖို့နဲ့ ဒါမှမဟုတ်ရင် သစ်သီးပွဲရုံ တွေဘက်မှာ နေရာယူ ရှောင်တိမ်းနေ ကြဖို့ တပ်မတော်သား တွေက ကျွန်တော် တို့ကို လာခေါ်ကြ ပါတယ်။

ကျွန်တော့်အိမ်က ကလေးမလေး နှစ်ယောက် သစ်သီးပွဲရုံတွေ ဘက်ကို ထွက်ပြေးပြီး ရောက်သွား နိုင်ကြပေမယ့် ကျွန်တော်တို့ရွာ မှာနေတဲ့ မအိ တို့မိသားစုက သူတို့ရဲ့ မော်တော်ကားနဲ့ သစ်သီးပွဲရုံဘက်ကို သွားကြတယ်။ လမ်းတစ်ဝက် အရောက်မှာ သူတို့ မော်တော်ကားကို KIA တွေက လှမ်းပစ်ကြတယ်။ မအိ ကို သေနတ်ခြောက်ချက် ထိမှန်ပြီး နေရာမှာတင် သေသွားပါတယ်။

ကြက်ခြေနီ လူနာတင်ယာဉ်တောင် ပစ်ခတ်တဲ့ KIA

သူ့ယောက်ျားနဲ့ ကလေးနှစ်ယောက် ကို ကျွန်တော်တို့ ဆီကို ပြေးလာကြဖို့ ကျွန်တော်တို့က လှမ်းအော်ခေါ် လိုက်ရတယ်။ ကားထဲမှာ မအိ တစ်ယောက်ထဲ ကျန်နေတယ်။ သေနတ်ထိမှန် ထားတဲ့ မအိ ကို ကယ်ဖို့ ကြက်ခြေနီကား က သွားပါတယ်။ အဲဒီကြက်ခြေနီ တံဆိပ်တပ် ထားတဲ့ ကားကိုလည်း KIA က ဝိုင်းပစ်ကြတယ်။ ဒီတော့ သေနတ်ထိမှန် နေတဲ့ သူကိုလည်း အချိန်ကြာတဲ့ အထိ သွားမကယ် နိုင်ကြဘူး။ အပြစ်မရှိတဲ့ ပြည်သူတွေ တင်မကဘူး။ နိုင်ငံတကာက အသိအမှတ်ပြု ထားတဲ့ ကြက်ခြေနီ လူနာတင်ယာဉ် ကိုပါ ပစ်တယ် ဆိုတာဟာ လူစိတ်ကင်းမဲ့တယ်။ ရက်စက်ယုတ်မာ လွန်းတယ်လို့ ပြောချင်တယ်ဗျာ။  နိုင်ငံတကာ စစ်ပွဲကြီးတွေမှာ တောင်မှ ဒီလို ကြက်ခြေနီ လူနာတင်ယာဉ် ဆိုတာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက မှ ပစ်ခတ်ဖို့ အခွင့်မရှိကြ ပါဘူး။ ဒါ နိုင်ငံတကာ ကျင့်ထုံး ကျင့်ဝတ် ဖြစ်တယ် မဟုတ်ပါလားဗျာ။

အပြင်းထန်ဆုံး အမိုက်ကန်းဆုံး တိုက်ပွဲ

ကျွန်တော် မူဆယ်မှာနေတာ ၁၈ နှစ်ရှိပြီ။ ကျွန်တော့် ဇနီးက မူဆယ်မှာ နေလာတာ အနှစ် ၂ဝ ကျော်ပြီ။ ဒီလိုအဖြစ်မျိုး တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ဖူး ပါဘူးဗျာ။ ဒါ့အပြင် KIA ကိုလည်း ကျွန်တော်တို့ အပေါ် ဒီလောက်ရက်စက် ယုတ်မာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ အခုကိုယ်တိုင် တွေ့ကြုံသိရှိ လိုက်ရပါတယ် ဗျာ။ ကျွန်တော့် တစ်သက် အရက်စက်ဆုံး မြင်ကွင်းကို လည်း မြင်လိုက်ရတယ်။ အပြင်းထန်ဆုံး အမိုက်ကန်း ဆုံးတိုက်ပွဲထဲမှာ ကိုယ်တိုင်တွေ့ကြုံ ခံစားလိုက်ရတယ်။ ကျွန်တော့်အဖို့ အသက်မသေ ပေမယ့် ကိုယ့်အိုး ကိုယ့်အိမ် ပစ္စည်းတွေ အကုန်ပစ်ထားခဲ့ပြီး လူလွတ်ထွက်ပြေး ခဲ့ကြရတယ်။

ညသန်းခေါင်ကျော်ရင် မကောင်းတော့ဘူး

ကျွန်တော်တို့ မူဆယ်မှာ ည ၁၂ နာရီ ကျော်တာနဲ့ အခြေအနေက မကောင်းတော့ဘူး။ ဒီတော့ကာ တရုတ် ဘက်နဲ့ နီးစပ်တဲ့ လူတွေကတော့ ည ၁၁ နာရီထိုးပြီ ဆိုတာနဲ့ တရုတ်နယ်ဘက်ထဲကို တိမ်းရှောင် သွားကြတယ်။ ကျွန်တော်တို့က မူဆယ်မှာပဲ ကျန်နေခဲ့ကြတယ်။

ကျီးလန့်စာစား ညဘဝများ

အခုမူဆယ်မှာ ဖြစ်နေကြတာက ညနေစောင်းပြီ ဆိုတာနဲ့ ဈေးဆိုင်တွေ အားလုံး ပိတ်ကုန်ကြပြီ။ အိမ်တိုင်းလိုလို လည်း ပိတ်ထားကြပြီ။ အသွားအလာ ဆိုလို့ လုံးဝမရှိတော့။ ကျွန်တော်တို့ကို ကာကွယ် စောင့်ရှောက်ပေး 

နေကြတဲ့ တပ်မတော် လှည့်ကင်းကား တွေပဲ သွားလာ နေကြတယ်။ မူဆယ်မှာ အခုရက်ပိုင်း အတွင်း ဘဏ်တွေလည်း ပိတ်ထားကြသလို စာသင်ကျောင်း တွေလည်း ပိတ်ထားကြ ပါတယ်။ အရင်က စည်စည်ကားကား နဲ့ အရောင်းအဝယ် တွေနဲ့ လှုပ်ရှားနေတဲ့ မူဆယ်ဟာ အခုတော့ ကျီးလန့်စာစား ခြောက်ကပ်လို့ နေပါတယ်။

လက်နက်ကိုင်အဖျက်သမားများ

လားရှိုး-မူဆယ် တစ်ဝိုက်မှာတော့ KIA ၊ TNLA နဲ့ MNDAA တွေဟာ ဟိုတစ်ကွက် ဒီတစ်ကွက် နှောင့်ယှက် ဖျက်ဆီး နေကြတာတွေကို ခံနေကြ ရပါတယ်။

နိုဝင်ဘာ ၂ဝ ရက်က အဲဒီ လက်နက်ကိုင် အစုအဖွဲ့တွေရဲ့ အလစ်အငိုက် တိုက်ခိုက်ခံ လိုက်ရတဲ့ အထဲမှာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ အကောက်ခွန် ဝန်ထမ်းတွေနဲ့ အရပ်သား စုစုပေါင်း ကိုးဦးေ သဆုံးခဲ့ပြီး ၂၉ ယောက်၊ အယောက် ၃ဝ လောက် ဒဏ်ရာရရှိခဲ့ကြ ရပါတယ်။တရုတ်ပြည်ဘက် ကို ကုန်စည် သယ်ဆောင်ပို့ပေး နေကြတဲ့ ကုန်တင် မော်တော်ယာဉ် ကြီးတွေလည်း မီးရှို့ဖျက်ဆီး ခံရတယ်။ တံတားတွေလည်း ဖျက်ဆီးခံရလို့ အဆက်အသွယ် အသွားအလာ ပျက်ကုန်ကြရ ပါတယ်။

သူပုန်နှစ်မျိုးတဲ့

အခုကျွန်တော်တို့ မူဆယ်မှာ ပြည်သူလူထု တွေသိလာ နေကြတာ ကိုလည်း ကျွန်တော် ပြောပြချင် ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ အဖျက်အမှောင့် လုပ်တဲ့သူပုန် ဆိုတာ နှစ်မျိုးပဲ ရှိတယ်တဲ့။ အဲဒီသူပုန် နှစ်မျိုးကတော့ လက်နက်ကိုင် တိုက်တဲ့ သူပုန်နဲ့၊ ဆိုင်းဘုတ်ကိုင် အော်တဲ့ သူပုန်တဲ့။

အားလုံးသူပုန်ချည်းပဲ

လက်နက်ကိုင် သူပုန်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေကို အလစ်အငိုက် ချောင်းပြီး လစ်တာနဲ့ တစ်ပြိုင်နက်တည်း တိုက်ကြတယ်။ အဲဒီအခါ လက်နက်ကိုင် သူပုန်တွေ အသာရ နေသရွေ့ ဆိုင်းဘုတ်ကိုင် သူပုန်တွေက မအော်ကြ သေးဘဲ အခြေအနေ စောင့်ကြည့် အကဲခတ် နေကြတယ်။ တပ်မတော်က ပြန်လည် တိုက်ခိုက် ရှင်းလင်းလို့ လက်နက်ကိုင် သူပုန်တွေ ရှုံးနိမ့်ကြတဲ့ အခြေအနေကို ရောက်တဲ့အခါမှာ ဆိုင်းဘုတ်ကိုင် သူပုန်တွေက စစ်ပွဲတွေ ရပ် ဘာညာနဲ့ ဆိုင်းဘုတ်တွေ ကိုင်ကိုင်ပြီး လမ်းပေါ်ထွက် လာကြတယ်။ ဒါတွေ အားလုံးဟာ တိုင်းပြည်နဲ့ ပြည်သူတွေ ကို ဒုက္ခပေး နေကြတဲ့ သူပုန်တွေ ချည်းပဲတဲ့။

မျက်စိစုံမှိတ်ပြီး အော်ကြတဲ့အသံ

ဒီကြားထဲ ထထအော်ကြတဲ့ အသံတွေထဲမှာ ''ဗမာစစ်တပ်''၊ ''ဗမာစစ်တပ်'' ဆိုတဲ့ အသံတွေလည်းပဲ ပါလာကြတယ်။ ဒီကနေ့ တပ်မတော်ဟာ ဗမာတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ဘူး။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လူမျိုးအကုန် ပါဝင် ဖွဲ့စည်းထားတဲ့၊ ဥပဒေအရ အခိုင်အမာ တည်ဆောက် ထားတဲ့ တရားဝင် တပ်မတော် ဖြစ်တယ်။ ဒါကို ဒီလိုမမြင် နိုင်ကြဘဲ မျက်စိစုံမှိတ် အတင်းထအော် နေကြတာပဲ ဖြစ်တယ်။

တရုတ်နဲ့ကချင် တွေပဲထိမယ်

ပြောစရာ ရှိသေးတယ်။ အခုသူတို့ ဆင်နွှဲနေတဲ့ စစ်ပွဲဒဏ်ကို အောက်မြန်မာ ပြည်သူတွေ နားလည်ကြ ရအောင် ကုန်သွယ်ရေးဇုန် ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာ လို့ KIA ကပြောတယ်။ ဆက်သွယ်ရေး လမ်းကြောင်း တွေကိုလည်း ဒါကြောင့် ဖြတ်တောက် ထားတာဖြစ်တယ် လို့ဆိုတယ်။ ဒါတွေကို ဒီလိုလုပ်ကြလို့ အောက်မြန်မာ ပြည်က လူထုကိုထိခိုက်မှာ မဟုတ်ဘူး။ ကချင်ပြည်နယ် တစ်ဝိုက် က ပြည်သူတွေနဲ့ တရုတ်ဘက်က ပြည်သူတွေပဲ အဓိက ထိမှာကိုတော့ KIA ခေါင်းဆောင်ကြီးတွေ မသိရှာ ကြဘူးလို့ ကျွန်တော်တို့ မူဆယ်တစ်ဝိုက် မှာ ဒီကနေ့ ပြောဆိုဝေဖန် သုံးသပ်နေကြ ပါတယ်ခင်ဗျား။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger