www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 16, 2016

တောင်တရုတ်ပင်လယ်ပြင် ကျွန်းတုများပေါ်တွင် လက်နက်တပ်ဆင်ပြီး ဖြစ်သည့် တရုတ်




( ရှိန်းထက် )

အမေရိကန်နှင့် နိုင်ငံတကာက ကန့်ကွက်နေသည့် ကြားကပင် တရုတ်တို့၏ တောင်တရုတ် ပင်လယ်ပြင်၌ ဆောက်လုပ်နေသည့် ကျွန်းတုများသည် အောင်မြင်သွားပြီ ဖြစ်သည်။ ပင်လယ်ပြင် ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ရာသီဥတု တိုင်းတာရေးနှင့် လမ်းပြ လုပ်ငန်းများကို ဆောင်ရွက်ရန် ဆောက်လုပ်ခြင်း ဖြစ်သည်ဟု အကြောင်းပြထား သော်လည်း ထိုကျွန်းတုများ ပေါ်၌ ယခုအခါ စစ်လက်နက် ပစ္စည်းများကို တပ်ဆင်ပြီး ဖြစ်သည်။

တောင်တရုတ် ပင်လယ်ပြင်၌ တရုတ်တို့ တည်ဆောက် နေသည့် ကျွန်းတုပေါင်း ခုနစ်ခုခန့် ရှိသည်။ ယခု ထိုခုနစ်ခုစလုံး ပေါ်တွင် စစ်လက်နက်များ တပ်ဆင်ထားခြင်း ဖြစ်သည်။ အမေရိကန် ၏ ဂြိုဟ်တုဓာတ်ပုံ များကြောင့် ထိုကျွန်းပေါ်၌ လက်နက်များ တပ်ဆင်ထားခြင်း ကို တွေ့ရှိရခြင်း ဖြစ်သည်။ ကူညီ ကယ်ဆယ်ရေး၊ လမ်းပြခြင်း နှင့် သုတေသန လုပ်ငန်းများတွင် အသုံးပြုရန် အတွက် အဆိုပါ စစ်လက်နက် ပစ္စည်းများကို တပ်ဆင်ရန် လိုအပ်မည် မဟုတ်ပေ။

သို့သော်လည်း တရုတ်တို့က ယခု တိုက်လေယာဉ် ပြေးလမ်း အပါအဝင် စစ်သင်္ဘောကြီးများ ဆိုက်ကပ်ရန် ဆိပ်ကမ်း များကအစ စစ်လက်နက် ပစ္စည်းများအဆုံး တပ်ဆင်ဖွဲ့စည်း ထားသောကြောင့် အဆိုပါ ကျွန်းတုများသည် ရေတပ် အခြေစိုက်စခန်း ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ အဓိကအနေဖြင့် တောင်တရုတ်ပ င်လယ်ပြင် ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်မည် ဆိုပါက စပရက်တလီ ကျွန်းစု၌ တရုတ်တို့ ဆောက်နေသည့် ကျွန်းတုသည် အထိရောက် ဆုံး ဖြစ်သည်။

တရုတ်တို့၏ အနီးစပ်ဆုံး ကမ်းရိုးတန်း နှင့် မိုင်ပေါင်း ရာထောင်ချီ ဝေးသည့် စပရက်တလီ ကျွန်းစုသည် တရုတ်တို့ အတွက် နိုင်ငံပြင်ပ စစ်အခြေစိုက် စခန်းကြီးတစ်ခု ကဲ့သို့ ဖြစ်သည်။ အမေရိကန်တို့ စိုးရိမ်သည့် အဓိကအချက် နှစ်ချက်မှာ ထိုနေရာမှ တစ်ဆင့် ဒုံးကျည်ဖြန့်ကြက်မှု အင်အားနှင့် ကမ္ဘာ့ ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သော လေးပုံတစ်ပုံ တောင်တရုတ် ပင်လယ်ပြင်ကို တရုတ်တို့ အပိုင်စီး သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

တရုတ်တို့သည် အနာဂတ် မဟာဗျူဟာ စစ်ရေးစီမံကိန်းကို ကြည့်ပြီး ထိုကျွန်းတုများကို တည်ဆောက်ခြင်း ဖြစ်သည်။ အမေရိကန်တွင် မည်သည့်သမ္မတပဲ ဖြစ်ဖြစ်တရုတ် နှင့် အမေရိကန် တို့၏ စစ်ရေး အားပြိုင်မှု က ပြီးဆုံးသွားမည် မဟုတ်ပေ။ ထို့ကြောင့် စစ်ရေး မဟာဗျူဟာ အရ တရုတ်(တိုင်ပေ) ကမ်းရိုးတန်း နှင့် အနီးကပ်ဆုံး၌ ယမန်နှစ်က တရုတ်တို့ ကျွန်းတု တည်ဆောက်ပြီး ၂ဝ၁၆ ခုနှစ် နှစ်လယ်ပိုင်း လောက်တွင် ဒုံးကျည်စနစ် များကို တပ်ဖြန့် ချထားသည်။

အရှေ့တရုတ် ပင်လယ်ပြင်၌ ဂျပန်တို့ကို စောင့်ကြည့်ရန် ရေဒါများ တပ်ဆင်ထားသည့် ကျွန်းတုများကို တရုတ်တို့ တည်ဆောက်ပြီး လေကြောင်းရန် ကာကွယ်ရေးဇုန် တစ်ခုကို ၂ဝ၁၃ ခုနှစ်တွင် အကောင်အထည်
ဖော်ခဲ့သေးသည်။ စပရက်တလီ ကျွန်းစုများ သည် အာဆီယံနိုင်ငံ များနှင့် အငြင်းပွား နေသည့် ဒေသဖြစ်ပြီး ဖိလစ်ပိုင် ကဲ့သို့ အမေရိကန် စစ်အခြေစိုက် စခန်းများမှ ထိုးစစ်သည် ထိုနေရာကို မဖြစ်မနေ ဖြတ်ကျော် လာရမည် ဖြစ်သည်။ အရှေ့တရုတ် ပင်လယ်ပြင်မှ လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြင့် အိုကီနာဝါ စစ်အခြေစိုက် စခန်းမှ တိုက်ခိုက် လာမည့် ထိုးစစ်များကို ကြားဖြတ် တိုက်နိုင်ရန် ဖြစ်သည်။ တရုတ်(တိုင်ပေ) အတွက် ၄င်း၏ အနီးအနားတွင် မကြာသေးမီက တည်ဆောက် ပြီးစီးသော ဒုံးကျည်စနစ်များ ချထားသည့် ကျွန်းတုက တာဝန်ယူမည် ဖြစ်သည်။

တရုတ်တို့၏ ကျွန်းတုများ တည်ဆောက်ပြီး စစ်ရေးဗျူဟာများ ခင်းနေမှုမှာ ကျွန်းတု စစ်ဆင်ရေး ဗျူဟာဟု ခေါ်ရ လောက်အောင် အကွက်စေ့ နေသည်။ အာရှ-ပစိဖိတ် သြဇာ လွှမ်းမိုးရေးနှင့် ကမ္ဘာ့စစ်ရေး နံပါတ်တစ် ဖြစ်စေရေးအတွက် တရုတ်တို့ ဦးတည်ချက်သည် ကာကွယ်ရေး စနစ်ရော ထိုးစစ်အတွက်ပါ အကောင်းဆုံး ဖြစ်စေရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ အမေရိကန်တို့ အပြင်းအထန် ကန့်ကွက်နေသည့် ကြားကပင် တရုတ်တို့ မရရအောင် ထိုကျွန်းတုများကို တည်ဆောက်ခြင်း ဖြစ်သည်။

တရုတ်တို့က တောင်တရုတ် ပင်လယ်ပြင်တွင် ကျွန်းတုများကို မည်သူ့ကိုမျှ အသိမပေးဘဲ ၂ဝ၁၄ ခုနှစ် အစပိုင်းခန့်က စ၍ တည်ဆောက်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်နှောင်းပိုင်း မှပင် အမေရိကန် အရပ်ဘက်ဂြိုဟ်တု တစ်ဝန်းက တောင်တရုတ ပင်လယ်ပြင်၌ ကျွန်းတုများ ဆောက်လုပ်နေသည် ကို တွေ့မြင်ခဲ့သည်။ အမေရိကန် စစ်ဘက်သုံး ဂြိုဟ်တုများ က လုံးဝတွေ့မြင်ခြင်း မရှိပေ။ လပေါင်းများစွာ ကြာပြီးမှ သိခြင်းဖြစ်သည်။ စတင်သိသည့် အချိန်မှာပင် မြေဖို့သည့်လုပ်ငန်း များက ပြီးစီးတော့မည် ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် နှစ်ကုန်တွင် ကျွန်းတု များ အကောင်အထည်ေ ပ်ါလာတော့သည်။ အရှည်မီတာ ၃ဝဝဝ ရှိသည့် ကျွန်းတုပေါ် ရှိ လေယာဉ်ပြေးလမ်း နှင့် သင်္ဘောဆိပ်ကမ်း သည် အရှင်းလင်းဆုံး ပထမဆုံး မြင်လာရသည့် အရာဖြစ်သည်။

ထိုစဉ် ကတည်းကပင် အမေရိကန်တို့က တရုတ်တို့ စစ်ဘက်အတွက် အသုံးပြုတော့ မည်ကို ရိပ်မိသည်။ ထို့ကြောင့် ဖျက်သင်္ဘောများ၊ ကင်းလှည့်လေယာဉ် များကို ထိုနေရာနှင့် အနီးဆုံးအထိ ဖြတ်ပြီး ကန့်ကွက်ကြသည်။ အမေရိကန်၏ ဦးဆောင်မှုကို နောက်ကလိုက်လာသော ဂျပန်နှင့် အိန္ဒိယတို့သည် တောင်တရုတ် ပင်လယ်ပြင် ၌ အတူကင်းလှည့်ပြီး ကန့်ကွက်ကြသည်။ သို့သော် ထိုသုံးနိုင်ငံပေါင်း ကန့်ကွက် သော်လည်း တရုတ်၏ သဘောထားများကို ပြောင်းလဲလာအောင် မဆောင်ရွက်နိုင်ပေ။ ထိုကျွန်းတုများ နားသို့ ကင်းလှည့် ရေယာဉ်များ၊ ရေယာဉ်များရောက်လျှင် ကြားရသည့် တရုတ်တို့၏ လက်သုံးစကား တစ်ခုမှာ ယခု သင်ရောက်နေသော နေရာသည် တရုတ် အစိုးရ၏ ပိုင်နက်နယ်မြေ ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းထွက်သွားပါ ဟူ၍ဖြစ်သည်။

နိုင်ငံတကာ ရေပိုင်နက်ဟု လူတိုင်းက လက်ခံထား သော်လည်း တရုတ်တို့ကတော့ ၄င်းတို့ပိုင်နက်ဟု ပြောသည်။ ကုလသမဂ္ဂ အဖွဲ့ဝင် ဗီတိုအာဏာ သုံးခွင့်ရှိသော တရုတ် အစိုးရသည် နိုင်ငံတကာ ပိုင်နက်ကို ကျူးကျော် တည်ဆောက်နေသည်။ ကျူးကျော်မှု ကလည်း စစ်ရေးအရ ကျူးကျော်မှု ဖြစ်သည်။ စီးပွားရေး၊ စစ်ရေး မဟာဗျူဟာ နှစ်ရပ်စလုံးအတွက် အရေးပါဆုံး တောင်တရုတ် ပင်လယ်ပြင်၌ စစ်အခြေစိုက် စခန်း တည်ဆောက်ခွင့် ရခြင်းက မဟာအောင်မြင်မှု တစ်ခုပင်ဖြစ်သည်။

အမေရိကန်တို့ အတွက် အာရှ-ပစိဖိတ် စစ်ရေးသြဇာ လွှမ်းမိုးရေးဗျူဟာ အတွက် ထိုးနှက်ချက်ကြီး တစ်ခုဖြစ်သည်။ ထို ကျွန်းတုများအပြင် တရုတ်တို့က ပင်လယ်ရေအောက် သုတေသနစခန်း တစ်ခုကိုပင် တောင်တရုတ် ပင်လယ်ပြင်၌ တည်ဆောက်မည်ဟု ပြောထားသည်။ အရပ်ဘက် အတွက် အသုံးပြုမည့် ရေအောက် သုတေသနစခန်းဟု ဆိုသော်လည်း တရုတ်တို့ စစ်ရေးအတွက် အသုံးပြုမည်ကို အမေရိကန် တို့က သိနေသည်။ ယခုအချိန်ထိ မည်သည့် နေရာ၌ ထိုရေအောက် သုတေသနစခန်း တည်ဆောက်မည်၊ မည်သည့် အချိန်တွင် တည်ဆောက်မည်ကို တရုတ်တို့က မကြေညာ သေးပေ။ ယခုအချိန်တွင် စတင်တည်ဆောက် နေလျှင်လည်း တည်ဆောက် နိုင်သည်။ တရုတ်တို့က စစ်ရေးနှင့် ပတ်သက်လျှင် လျှို့ဝှက်လွန်း လှသည်။ အမေရိကန် တို့သိသွားမည်ကို အထူးစိုးရိမ်သည်။ ထို့ကြောင့် ကျွန်းတုများ တည်ဆောက်သည် ကိုပင် တိတ်တဆိတ် နေခြင်းဖြစ်သည်။

ယခုတော့ တရုတ်တို့၏ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သည်။ ကျွန်းတုများလည်း တည်ဆောက်၍ ပြီးသွားပြီဖြစ်သည်။ စစ်လက်နက် များလည်း တပ်ဆင်၍ ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ယခုတရုတ်တို့ ဆန္ဒရှိလျှင်ပင် တောင်တရုတ် ပင်လယ်ပြင် ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်၍ ရနေပြီး အမေရိကန် တို့အတွက် စစ်ရေး မဟာဗျူဟာလည်း ခင်းကျင်းနေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger