www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ရပ်တန်းကရပ်


အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ရပ်တန်းကရပ်

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း KIA/ TNLA/ MNDAA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ များသည် တပ်မတော် စခန်းများ၊ ရဲကင်းများကို အလစ်အငိုက်  ဝင်ရောက် တိုက်ခိုက်ခြင်း နှင့် တံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်း အဖျက်လုပ်ရပ် များကို နိုဝင်ဘာ ၂ဝ ရက်တွင် ပြုလုပ်ခဲ့ ကြသည်။

ဖြစ်စဉ်များမှာ မူဆယ်မြို့အဝင်ရှိ မြို့လုံခြုံရေး ရဲကင်းအား KIA/ TNLA/ MNDAA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၄ဝ ခန့်သည် နိုဝင်ဘာ ၂ဝ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ကြရာ လုံခြုံရေးတာဝန် ထမ်းဆောင် နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် များက ပြန်လည် တိုက်ခိုက်သဖြင့် ၂ နာရီခွဲ ခန့်တွင် ရန်သူများ အရှေ့တောင် ဘက်သို့ ပြန်လည်ဆုတ်ခွာ သွားကြသည်။ ထို့အတူ နံနက် ၂ နာရီ မိနစ် ၄ဝ ခန့်တွင် တပ်မတော်က နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် မုံးကိုး တပ်စခန်းအား သောင်းကျန်းသူ ပူးပေါင်းအင်အား ၂ဝဝ ခန့်က လည်းကောင်း၊ ဖောင်းဆိုင် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ခန့်ကလည်း ကောင်း၊ မန်ကန် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၈ဝ ခန့်က လည်းကောင်း လက်နက်ကြီး/ လက်နက်ငယ် များဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝိုင်းပတ် တိုက်ခိုက်ကြသည်။ တပ်စခန်း အသီးသီးက ပြန်လည် တိုက်ခိုက် မှုကြောင့် ရန်သူများသည် ဖောင်းဆိုင်စခန်း မှ နံနက် ၁ဝ နာရီတွင် ပြန်လည်ဆုတ်ခွာ သွားသည်။ မန်ကန်စခန်းကို တိုက်ခိုက်နေသော ရန်သူသည် အင်အား တိုးမြှင့်၍ ဝိုင်းပတ် တိုက်ခိုက် လာသဖြင့် မွန်းလွဲ ၂ နာရီခန့်တွင် လေကြောင်းမှ ရဟတ်ယာဉ် ပစ်ကူပေး တိုက်ခိုက်ခဲ့ရပြီး မုံးကိုးစခန်း နှင့် မန်ကန်စခန်း တို့တွင် ကြိုကြားကြိုကြား ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ် များတွင် တပ်မတော်မှ အရာရှိ/ စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိပြီး သောင်းကျန်းသူ အလောင်းတချို့ သိမ်းဆည်းရမိ ခဲ့ကာ ဒဏ်ရာ ရရှိထားသည့် KIA/ TNLA/ MNDAA သောင်းကျန်းသူ တချို့အား
လက်ရဖမ်းဆီး ရမိခဲ့သည်။

တပ်မတော်က နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် ကြူကုတ် (ပန်ဆိုင်း) စခန်းအား သောင်းကျန်းသူ ပူးပေါင်း အင်အား ၅ဝ ခန့်က လည်းကောင်း၊ (၁ဝ၅)မိုင် ရဲကင်းအား သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့က လည်းကောင်း နိုဝင်ဘာ ၂ဝ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ခိုက်ကြသည်။ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မူဆယ်မြို့မှ ၁၈ မိုင်အကွာ ပြည်ထောင်စု လမ်းပေါ်ရှိ နမ့်ပေါ်တံတား လုံခြုံရေး တပ်စခန်းအား သောင်းကျန်းသူ ပူးပေါင်း အင်အား ၁ဝဝ ခန့်က လာရောက် တိုက်ခိုက်ခဲ့ရာ တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များက ပြန်လည် တိုက်ခိုက်မှုကြောင့် နံနက် ၉ နာရီ ခွဲခန့်တွင် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ သွားသည်။ ဖြစ်စဉ် အတွင်း နံနက် ၇ နာရီ မိနစ် ၅ဝ ခန့်တွင် သောင်းကျန်းသူ များက နမ့်ပေါ် တံတားအား မိုင်းခွဲဖျက်ဆီး ခဲ့ရာ ၂ ပေပတ်လည် ခန့် ပေါက်ကွဲပျက်စီး သွားပြီး တံတားအနီးရှိ ဈေးဆိုင်ခန်း များအား မီးရှို့ခဲ့သည်။ 

ယင်းဖြစ်စဉ် များတွင် တပ်မတော်သား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ကျဆုံး ခဲ့သည်။ အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံး၍ အကောက်ခွန် ဝန်ထမ်း ၁၅ ဦးဒဏ်ရာ ရခဲ့ပြီး ရန်သူ့ထံမှ အလောင်း တစ်လောင်းနှင့် လက်နက်/ခဲယမ်း တချို့ သိမ်းဆည်းရမိ ခဲ့သည်။

၎င်းဖြစ်စဉ်များမှ သောင်းကျန်းသူ များသည် နံနက် ၂ နာရီခွဲခန့်တွင် မူဆယ်နှင့် ကွတ်ခိုင်ကြား မိုင်တိုင် (၂၅၉)အနီးရှိ ပေ ၂ဝ အရှည် ကွန်ကရစ် တံတားအား မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ အချင်း ၃ ပေ ၈ လက်မခန့် ပေါက်ပြဲပျက်စီး 

သွားသည်။ အလားတူ နံနက် ၁ဝ နာရီ ၂၅ မိနစ်ခန့်တွင် သိန်းနီမြို့နယ် အနီးရှိ နမ္မတူတံတား ပေါ်တွင်ရပ်တန့် ထားသည့် ပါဂျဲရိုးယာဉ်မှ ပေါက်ကွဲမှုဖြစ်၍ တံတားကြမ်းခင်း အလျား ၁ဝ ပေ၊ အနံ ၆ ပေခန့် ကျိုးပဲ့ပျက်စီး သွားသည်။

သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့သည် နိုဝင်ဘာ ၂ဝ ရက် နံနက် ၁ဝ နာရီခန့်တွင် တာမိုးညဲနယ်မြေခံ တပ်ရင်းအား လက်နက်ကြီး များဖြင့် လာရောက် ပစ်ခတ်၍ သက်ဆိုင်ရာ တပ်ရင်းများက လက်နက်ကြီး များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့သည် ကွတ်ခိုင်နှင့် မူဆယ်အကြား နောင်ဘွေရွာ အနီး၌ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယာဉ်ကြီးများအား ရပ်တန့် ပိတ်ဆို့ထား သဖြင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းက သွားရောက် တိုက်ခိုက်ရှင်းလင်း ဖယ်ရှားခဲ့ ရသည်။

နိုဝင်ဘာ ၂ဝ ရက် ည ၉ နာရီခွဲခန့် တွင် နမ္မတူမြို့နယ် နှင့် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့သွား ကားလမ်းမှ နမ့်လာချောင်းကူး သစ်သားတံတား အား TNLA အကြမ်းဖက် သောင်းကျန်းသူ များက မိုင်းဖောက်ခွဲ မီးရှို့ဖျက်ဆီး သဖြင့် တံတားကြမ်းခင်းများ မီးလောင်ပျက်စီး သွားသည်။ ၄င်းနေ့ညနေ ၄ နာရီခန့်တွင် ကွတ်ခိုင်တပ်နယ် အတွင်းသို့ KIA/ TNLA သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီးဖြင့် သုံးချက်
လာရောက် ပစ်ခတ်ရာ နယ်မြေခံတပ်က ပြန်လည်ပစ်ခတ် သဖြင့် ရန်သူ ပစ်ခတ်မှု ရပ်တန့်သွားသည်။

အထက်ပါ ဖြစ်စဉ်များတွင် KIA/ TNLA/ MNDAA သောင်းကျန်းသူ အဖွဲ့များ ပူးပေါင်း၍ တပ်မတော် စခန်းများ၊ ရဲကင်းများ သာမက ပြည်ထောင်စု ကားလမ်းနှင့် အပြစ်မဲ့ပြည်သူများ သွားလာ လှုပ်ရှားမှု များကိုပါ ပစ်ခတ်တိုက်ခိုက် နေကြသည်။ နမ့်မော်တံတား ရဲကင်းမှ ရဲတပ်ဖွဲ့ဝင် သုံးဦးကို ညှဉ်းပန်းနှိပ်စက် ထားသော ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရပြီး အရပ်သားတစ်ဦး သေနတ်  ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ၌ ''တိုင်းရင်းသား အားလုံးဟာ ညီရင်းအစ်ကိုများ ဖြစ်တဲ့အတွက် မတူကွဲပြားမှု များကို ပြည်ထောင်စု စိတ်ဓာတ်အပေါ် အခြေခံပြီး ညှိနှိုင်းအဖြေရှာ သွားရမှာဖြစ် ပါတယ်။ စိုးရိမ်မှုနဲ့ သံသယစိတ်များကို ယုံကြည်မှု တည်ဆောက် ခြင်းဖြင့် ဖယ်ရှားသွား နိုင်မယ်လို့ ယုံကြည်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အတွက် အဓိက နှလုံးသွင်း ကြရမယ့် အချက်နှစ်ချက် ကတော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မဟာဗျူဟာကို မျက်ခြည်မပြတ် ကျင့်သုံးခြင်းနဲ့ ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိခြင်းတို့ပဲ ဖြစ်ပါကြောင်း'' ဖြင့် ပြောကြားသည်။

သို့ဖြစ်၍ KIA/ TNLA/ MNDAA သောင်းကျန်းသူများ အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိသည် ဆိုသော် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု များကို ရပ်တန်းက ရပ်ကြပါရန် မြဝတီ က တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger