www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

မောင်တောခရိုင်အတွင်း ရပ်ဆိုင်းထားသော စာမေးပွဲများ ပြန်လည်ဖြေဆို



မောင်တော ၊ ၂၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောဒေသ ၌ အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြစ်စဉ်ကြောင့် ပိတ်ထားသည့် အခြေခံပညာ ကျောင်းများထဲမှ ထက်ဝက်ကျော် ပြန်လည် ဖွင့်လှစ်ထားပြီး နှစ်ဝက် စာမေးပွဲများ ဖြေဆိုလျက် ရှိကြောင်း ခရိုင် ပညာရေးမှူး ဦးအုန်းမြင့် က ပြောသည်။

''မောင်တောခရိုင်မှာ အောက်တိုဘာ ၉ ရက်ကစပြီး ကျောင်းတွေ ပိတ်ခဲ့ရပါတယ်။ လက်ရှိမှာ မြို့ပေါ်နဲ့ ပတ်ဝန်းကျင် မှာရှိတဲ့ ကျောင်းတွေဟာ တည်ငြိမ် အေးချမ်းမှု ရရှိ လာတဲ့အတွက် အောက်တိုဘာ ၂၄ ရက်က ပြန်လည် ဖွင့်လှစ် ခဲ့ပြီး ရပ်ဆိုင်းထားတဲ့ စာမေးပွဲတွေကို နိုဝင်ဘာ ၂၁ ရက်မှာ စတင်ဖြေဆို နေပြီ ဖြစ်ပါတယ်။ မောင်တောခရိုင်မှာ ကျောင်းပေါင်း ၄ဝဝ ကျော်ရှိတဲ့အနက် ၂ဝဝ ကျော် ပြန်ဖွင့်ပြီး စာမေးပွဲတွေ ဖြေဆိုနေကြ ပါပြီ'' ဟု ခရိုင် ပညာရေးမှူး ဦးအုန်းမြင့် က ပြောသည်။

မောင်တောခရိုင် တွင် မောင်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ် ဟူ၍ နှစ်မြို့နယ် ပါဝင်ပြီး မောင်တောမြို့နယ် ၌ အထက်တန်း အဆင့် ၁၆ ကျောင်း၊ အလယ်တန်း အဆင့် ၁ဝ၈ ကျောင်းနှင့် မူလတန်း အဆင့် ၅၉ ကျောင်း စုစုပေါင်း ၁၈၃ ကျောင်း ရှိကြောင်း၊ ဘူးသီးတောင် မြို့နယ်၌ အထက်တန်း အဆင့် ၁ဝ ကျောင်း၊ အလယ်တန်း အဆင့် ၁ဝ၆ ကျောင်းနှင့် မူလတန်း အဆင့် ၁ဝ၃ ကျောင်း စုစုပေါင်း ၂၁၉ ကျောင်း ရှိကြောင်း သိရသည်။

နယ်မြေတည်ငြိမ် အေးချမ်း လာမှုကြောင့် မောင်တောမြို့နယ် တွင် အထက်တန်း အဆင့် ကိုးကျောင်း၊ အလယ်တန်း အဆင့် ၂၇ ကျောင်းနှင့် မူလတန်း အဆင့် ၃၂ ကျောင်း စုစုပေါင်း ၆၈ ကျောင်း ပြန်လည် ဖွင့်လှစ်ကာ စာမေးပွဲများ စတင် ဖြေဆိုလျက် ရှိကြောင်း သိရ သည်။

အလားတူ ဘူးသီးတောင် မြို့နယ်တွင်လည်း အထက်တန်းအဆင့် ၁ဝ ကျောင်း၊ အလယ်တန်း အဆင့် ၇၂ ကျောင်း၊ မူလတန်း အဆင့် ၅၃ ကျောင်း စုစုပေါင်း ၁၃၅ ကျောင်း ပြန်လည် ဖွင့်လှစ်ကာ စာမေးပွဲများ ဖြေဆိုလျက် ရှိကြောင်း သိရသည်။

မောင်တောခရိုင် တစ်ခုလုံးတွင် ပြန်လည် ဖွင့်လှစ်ရန် ကျန်ရှိသည့် ကျောင်း အရေအတွက် မှာ ၁၉၉ ကျောင်းရှိကာ နယ်မြေအေးချမ်း လာသည်နှင့် အမျှ ကျောင်းများတိုးချဲ့ ဖွင့်လှစ်ပေး သွားမည် ဖြစ်ကြောင်း ခရိုင် ပညာရေးမှူး က ဆက်လက် ပြောသည်။

မြင့်မောင်စိုး

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger