www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

ပစိဖိတ်ဖြတ်ကျော် စီးပွားရေး TPP မှ နုတ်ထွက်မည့် ဒေါ်နယ်ထရမ့်ပ်


Demonstrators against the T.P.P. at the Democratic National Convention in July. 
For many voters, the pact was a lightning rod for their discontent with 
stagnant wages and job losses blamed on globalization and past trade deals.

( ရှိန်းထက် )

အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ပ် သည် သူ၏ ပြောင်းလဲရေး အစီအစဉ် များကို စတင်ချပြလျက် ရှိသည်။ သူချပြ ထားသည့် အစီအစဉ်များ ထဲတွင် ရွေးကောက်ပွဲ မဲဆွယ်စဉ်က ပြောထားသည့် အတိုင်း စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပါဝင် လာခဲ့သည် သာမက စစ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒများလည်း ပူးတွဲပါဝင် လာခဲ့သည်။

သမ္မတဟောင်း အိုဘားမား က အာရှ-ဥရောပ နှင့် ဆက်ဆံရေးအင်အား ပိုမိုကောင်းမွန် လာစေရန် သူ၏ သမ္မတသက်တမ်း လက်ကျန်ကာလ တွင် ပြည်ပသို့ နောက်ဆုံး ခရီးထွက်နေစဉ် ထရမ့်ပ်က အိုဘားမား ပြောသည့်ကိစ္စ များကို နောက်ကလိုက်ပြီး ပြောင်းပြန်လှန် နေသည်။ ပီရူး၌ ကျင်းပခဲ့သည့် အေပက် အစည်းအဝေး ၌ အိုဘားမား က အကောင်အထည် ဖော်ရန် ကြိုးစားခဲ့သည့် ပစိဖိတ်ဖြတ်ကျော် စီးပွားရေး TPP နှင့် ပတ်သက်ပြီး အမေးခံခဲ့ ရသည်။

အိုဘားမား ကတော့ TPP ကသာ အမေရိကန်တို့ နုတ်ထွက်သွားခဲ့ ပါက အာရှ-ပစိဖိတ် ၌ အမေရိကန်၏ သြဇာလွှမ်းမိုးမှု အခန်းကဏ္ဍကို အကြီးကျယ်ဆုံး ထိခိုက်နိုင်သည် ဟု ဆိုခဲ့သည်။ သို့သော်လည်း သမ္မတသစ် ထရမ့်ပ် ကတော့ သူသမ္မတ ဖြစ်လာခဲ့ပါက ပထမရက် ၁ဝဝ အတွင်းမှာပင် TPP မှ နုတ်ထွက်ခွင့် ရအောင် ဆောင်ရွက်မည် ဟု ပြတ်သားစွာ ထုတ်ဖော်ပြောကြား ခဲ့သည်။

ထိုကြောင့် TPP ၏ မဏ္ဍိုင်ဖြစ်သည့် အမေရိကန် မရှိတော့မည်ကို စိုးရိမ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ထရမ့်ပ် နှင့် တွေ့ဆုံစဉ် TPP အကြောင်းကို ဆွေးနွေးခဲ့သည်။ ထရမ့်ပ် သမ္မတဖြစ်လျှင် ပထမဆုံး နိုင်ငံခြား ထိပ်တန်း ခေါင်းဆောင်နှင့် တွေ့ဆုံမည့် သူသည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဖြစ်သည်။ အာဘေး သည် ထရမ့်ပ် နှင့် ဂျပန် နှစ်နိုင်ငံ နိုင်ငံခြား ဆက်ဆံရေးကို စိုးရိမ်နေသူ များအနက် ထိပ်ဆုံးမှ ပါဝင်နေသည်။

ထို့ကြောင့် ထရမ့်ပ်သာ အမေရိကန်ကို TPP မှ ထွက်ခွာခွင့် ရအောင်ကြိုးစားခဲ့ ပါက TPP သည် အဓိပ္ပာယ်မဲ့ သွားလိမ့်မည်ဟု အာဘေးက ထုတ်ဖော် ပြောကြား ထားသည်။ TPP သည် ကမ္ဘာ့စီးပွားရေး ၏ ၄ဝ ရာခိုင်နှုန်း ကို ရယူနိုင်မည့် အပြင် အဓိက စီးပွားရေးကို မောင်းနှင်မည့် စီမံကိန်းတစ်ခု ဖြစ်သည်။ အမေရိကန် ဦးဆောင်ပြီး အိုဘားမား အစိုးရ၏ တရုတ်နှင့်အပြိုင် စီးပွားရေး အကောင်အထည် ဖော်မည့် အစီအစဉ်လည်း ဖြစ်သည်။

တရုတ်၌ သမ္မတ ရှီကျင့်ဖျင် တက်လာသောအခါ အမေရိကန်ကို ဘေးဖယ်ထားမည့် စီးပွားရေး စီမံကိန်းကြီး များကို ရေးဆွဲခဲ့သည်။ One Belt One Road ကဲ့သို့ ဥရောပ အရောက် ကုန်သွယ်မည့် စီးပွားရေးစီမံကိန်းကြီးမျိုးဖြစ်သည်။ ထိုစီမံကိန်းကို အကောင်အထည် ဖော်ရန် တရုတ် အစိုးရသည် ကနဦး အမေရိကန် ဒေါ်လာ ၄ဝ ဘီလီယံ လျာထားပြီး အမေရိကန်၏ အကျိုးစီးပွား တစ်ခုမျှ မပါဝင်အောင် ရေးဆွဲထားသည့် တရုတ်အစိုးရ၏ ကမ္ဘာကျော် စီးပွားရေး စီမံကိန်းကြီး ဖြစ်သည်။

အမေရိကန်တို့ ကလည်း ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး စီမံကိန်းနှင့် အတ္တလန္တိတ် ဖြတ်ကျော် စီးပွားရေး စီမံကိန်းများ ကို တရုတ်နှင့်အပြိုင် အကောင်အထည် ဖော်နိုင်ရန် ကြိုးစားခဲ့သည်။ ယခု ထရမ့်ပ် လက်ထက်တွင် TPP က အမေရိကန် ထွက်တော့မည်။ အာရှအတွက် အဓိက မောင်းနှင်မည့် စီးပွားရေး စီမံကိန်းကြီး တစ်ခု ပျက်ရတော့မည် ဖြစ်သည်။

နိုင်ငံရေးပညာရှင်များ ခန့်မှန်းထားသည့် အတိုင်း ထရမ့်ပ်၏ အာရှကို မျက်ကွယ်ပြုမည် ဆိုသည့် ဟောကိန်းများသည် ကနဦးမှာပင် မှန်ကန်နေပြီ ဖြစ်သည်။ ထရမ့်ပ်က TPP မှ ထွက်ခွာရေးကိုသာ အကောင်အထည် ဖော်လိုက်ပါက နောက်ကွယ်က တရုတ်တို့ တစ်နည်းနည်းနှင့် ပါဝင် လာနိုင်ပြီး တရုတ်တို့၏ အကျိုးစီးပွား အတွက် ဖြစ်သွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ထရမ့်ပ်က TPP ကို စိတ်မဝင်စား တော့ခြင်း ဖြစ်သည်။

အတ္တလန္တိတ် ဖြတ်ကျော် စီးပွားရေးကိုတော့ ဥရောပနှင့်သာ ကုန်သွယ်မည်ဖြစ် သောကြောင့် ထရမ့်ပ်က တရုတ်အကျိုးစီးပွား မပါဝင်ဟု ယူဆထားပြီး ထွက်ရန်ပြောခြင်း ဖြစ်သည်။ TPP ကိုတော့ အမေရိကန် အကျိုးစီးပွားရေး ထက် တရုတ် စီးပွားရေး ဖြစ်သွားမည်ကို ထရမ့်ပ် စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ထရမ့်ပ်က အမေရိကန် ပထမ ဦးစားပေး ဟူသည့် ခေါင်းစဉ်အောက်က TPP ကို ဖျောက်ဖျက်ပစ်ချင် နေခြင်းဖြစ်သည်။

ထရမ့်ပ်က အမေရိကန်၏ စွမ်းအင်ကဏ္ဍ သည် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း များစွာကို ပိတ်ပင်နေသည်။ ဥပမာ - Shale ဟုခေါ်သော ကျောက်လွှာများမှ စွမ်းအင် ထုတ်ယူမှုနှင့် သန့်စင်သည့် ကျောက်မီးသွေး များမှ စွမ်းအင် ထုတ်ယူမှု လုပ်ငန်းများပင် ပါဝင်သည်။ ထိုနေရာများ မှ အလုပ်အကိုင် အခွင့်အလမ်း များကို ထရမ့်ပ်က ပြန်လည်ဖော်ဆောင် ပေးပြီး အမေရိကန် နိုင်ငံသားများကို အလုပ်အကိုင် အခွင့်အလမ်း သန်းနှင့်ချီပေးမည်။ ထိုအရာသည် သူလိုချင်သည့် အရာဟု ဆိုခဲ့သည်။ ထို့ပြင် အမေရိကန် အလုပ်သမားများ အတွက် ခိုင်လုံသည့် အလုပ် အာမခံချက် ကိုလည်း ထရမ့်ပ်က ပေးချင်နေသည်။ အကယ်၍ TPP ကိုသာ အကောင်အထည် ဖော် လိုက်ပါက လွတ်လပ်သော အလုပ်သမားများ ဝင်ထွက်ခွင့်နှင့် အမေရိကန်၏ အလုပ်သမား ဈေးကွက်ကို ထိခိုက်နိုင်သည် ဟု ထရမ့်ပ် က ယူဆသည်။ ထို့ကြောင့် ထရမ့်ပ်က အမေရိကန်သာ ပထမ ဦးစားပေး ဟူသော ခေါင်းစဉ်နှင့် မညီသောကြောင့် TPP မှ နုတ်ထွက်လို နေခြင်းဖြစ်သည်။

ပစိဖိတ်ဖြတ်ကျော် နိုင်ငံများနှင့် ကုန်သွယ်မည့် စီမံကိန်းတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်ပြီး ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ တွင် ဂျပန်နိုင်ငံ၌ ထိုစီမံကိန်းကို အကောင်အထည် ဖော်ရန် နိုင်ငံများအားလုံး သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။ ထိုနိုင်ငံများမှာ ဂျပန်၊ အမေရိကန်၊ သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ နှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည်။

ထိုစီမံကိန်းသည် အာရှ-ပစိဖိတ် အတွက် အဓိကစီးပွားရေး အင်အားစုတစ်ခု ဖြစ်လာမည် သာမက အမေရိကန်၏ သြဇာကိုလည်း တည်ငြိမ်စွာ ဆက်လက်ရပ်တည် နေစေမည် ဖြစ်သည်။ ထရမ့်ပ် ကတော့ အာရှ-ပစိဖိတ် ၌ အမေရိကန်၏ သြဇာလွှမ်းမိုးရေး ထက် သူ့နိုင်ငံ စီးပွားရေးကိုသာ အရင် ဦးစားပေးမည့် သူမျိုးဖြစ်သည်။ အမေရိကန်သည် နိုင်ငံတကာ ဝန်ထုပ်ဝန်ပိုး များကြားထဲတွင် ရောက်နေ သောကြောင့် စီးပွားရေး နာလန်မထူ ဖြစ်နေရခြင်း ဟုလည်း ထရမ့်ပ် က ဆိုသည်။

ထို့ကြောင့် တခြားမည်သည့် နိုင်ငံကိုမဆို သူ့နိုင်ငံကြောင့် ကောင်းမည်၊ ဆိုးမည်ကို ထရမ့်ပ် စိတ်မဝင်စား တော့ဘဲ တခြားနိုင်ငံ များကြောင့် သူ့နိုင်ငံ ကောင်းစားရေး ကိုသာ ကြည့်မည့်သူ ဖြစ်သည်။ ယခု သူ၏ အကြီးမားဆုံး ကုန်သွယ်ဖက် ရုရှား ကို ထရမ့်ပ် ပစ်မှတ်ထား နေသည်။ ရုရှားကြောင့် ယခင်က စစ်ရေးတွင် အမေရိကန်၏ ကုန်ကျစရိတ် ခံနေခဲ့ရ မှုများကို ရပ်တန့်ကာ ကုန်သွယ်မှုဖြင့် ထိုနေရာကို အစားထိုး ဖွင့်လှစ်မည် ဖြစ်သည်။

ရုရှားနှင့် ကုန်သွယ်မှုသည် အမေရိကန် ၏ အကျိုးစီးပွားကို အဓိက အထောက်အကူ တစ်ခု ဖြစ်လာမည်ဟု ထရမ့်ပ်က ယူဆထားသည်။ ထို့ကြောင့် ထရမ့်ပ်သည် ပူတင်နှင့် လက်ဝါးချင်း ရိုက်မည့်သူ အဖြစ် ယခင် ကတည်း ကပင် နိုင်ငံတကာ၏ ဝေဖန်မှုကို ခံထားခဲ့ရသူ ဖြစ်သည်။ ယခုတော့ သမ္မတအဖြစ် ထရမ့်ပ် တရားဝင် တာဝန်မယူမီ ကပင် သူ့ကိုဝေဖန် ထားခဲ့သည့် ဝေဖန်ချက်များ မှန်ကန်နေပြီ ဖြစ်သည်။

ထရမ့်ပ်က အမေရိကန် သမ္မတအဖြစ် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင် စတင်တာဝန်ယူ ရမည်ဖြစ်ပြီး အိမ်ဖြူတော်သို့ ပြောင်းရွှေ့ နေထိုင်ရမည် ဖြစ်သည်။ ယခု ထရမ့်ပ်ကြောင့် အာရှ-ပစိဖိတ် စီးပွားရေး အင်အားကို မောင်းနှင်မည့် စီမံကိန်းကြီး တစ်ခုပျက်စီး ရတော့မလို ဖြစ်နေပြီး တရုတ်အပေါ်တွင် စီးပွားရေးအရ ယှဉ်ပြိုင်မည့် ထရမ့်ပ်ကြောင့် အာရှ-ပစိဖိတ် နိုင်ငံများ၏ စီးပွားရေး တိုးတက်မှုသည် ယခင်ခန့်မှန်း ထားချက်များ အတိုင်းပင် သမ္မတသစ် ထရမ့်ပ် လက်ထက်တွင် နှေးကွေး လာနိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger