www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 8, 2016

ကင်ဆာလူနာများ အတွက် အစာအာဟာရ



ကင်ဆာလူနာများ အတွက် အစာအာဟာရ

ဒေါက်တာ လွှမ်းမိုးဟန်

  • ဆရာရှင့် ။ ။ သမီးက သူနာပြုသိပ္ပံဘွဲ့ ရထားပြီး အထူး သူနာပြုတာဝန် ထမ်းဆောင်နေတဲ့ မသူဇာ ဖြစ်ပါတယ်။ သမီးတို့ပြုစု စောင့်ရှောက်ပေး နေရတဲ့ လူနာတွေထဲမှာ ကင်ဆာလူနာ တွေလည်း ပါဝင်နေပါတယ်။ တချို့ကင်ဆာ လူနာများကျတော့ ကိုယ်အလေးချိန် သိပ်မကျ ပေမယ့် တချို့လူနာများ ကျတော့ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းတဲ့ ပြဿနာ အတော့်ကို ဆိုးဆိုးရွားရွား ဖြစ်တာကို တွေ့ရပါတယ်ရှင့်။ တချို့ကင်ဆာ ဆေးသွင်း၊ ဓာတ်ရောင်ခြည် ပေးပြီး ကုသခံနေရတဲ့ လူနာများ ကျပြန်တော့ ဘယ်လို အစားအသောက် မျိုးကို ရှောင်ရမယ်။ ပိုမိုစားသုံး ရမယ် ဆိုတာကို မသိကြ ပါဘူးရှင့်။ ပြီးတော့ ဘယ်လို အားဆေးများကို ကင်ဆာလူနာများ အဖို့ မှီဝဲရမယ် ဆိုတာကိုလည်း သမီးတို့ ကိုယ်တိုင် ဂဃနဏ မသိကြပါရှင့်။ သည်မေးခွန်းများနဲ့ ပတ်သက်ပြီး ဖြေကြားပေး စေလို ပါတယ် ဆရာရှင့်။

ဖြေ ။ ။ ဆရာမ မသူဇာ ခင်ဗျား။ အများ သိကြပြီးတဲ့ အတိုင်း လူတစ်ဦးစီရဲ့ အစာ အာဟာရ အတွက် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်များ အချိုးညီညီ ရရှိနေဖို့ လိုအပ်ပါတယ်။ ကင်ဆာလူနာ များမှာလည်း အခြေခံအားဖြင့် သည်အတိုင်း ပါပဲ။ ကင်ဆာလူနာ များမှာ ထူးခြားချက် ကတော့ ကင်ဆာကို မကုသခင် ရောဂါ လက္ခဏာတွေ စနေပြီ ဆိုကတည်းက ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်ပျက်ဖြစ်စဉ် များမှာ ပြောင်းလဲမှုတွေ စတင်နေပြီ ဆိုတာပါ။ အဓိက အားဖြင့်တော့ အသားဓာတ်ပါ။ ကင်ဆာလူနာ များရဲ့ခန္ဓာကိုယ်မှာ အသားဓာတ် ချို့ယွင်း ပျက်စီးမှုတွေ များစွာဖြစ်ပေါ် ပါတယ်။ အကြောင်းရင်း ကတော့ ကင်ဆာ ဆိုတာဟာ နာတာရှည် ဇီဝပျက်စီးမှု ဖြစ်စဉ်တစ်ခု မို့ပါ။ Catabolism ခေါ်တာပေါ့လေ။ ကင်ဆာ ဆရာဝန်များ အနေနဲ့ကတော့ ကင်ဆာလူနာ တစ်ယောက် ကိုယ်အလေးချိန် ကျဖို့ အလားအလာ ရှိ၊ မရှိ၊ အာဟာရ ချို့တဲ့နေမှု ရှိ၊ မရှိကို ကိုယ်တွင်း အသားဓာတ်၊ CRP ခေါ်တဲ့ ကိုယ်ခန္ဓာ ရောင်ရမ်းမှုပြ သွေးတွင်းဓာတ် တစ်မျိုးနဲ့ Hb လို့ အတိုကောက် ခေါ်တဲ့ သွေးတွင်း ဟေမိုဂလိုဗင် ကို တိုင်းတာခြင်း အားဖြင့် အကြမ်းဖျင်း ခန့်မှန်းကြပါတယ်။

သုတေသနများ အရ ကင်ဆာလူနာ များရဲ့ ၄ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း အထိဟာ ကင်ဆာရောဂါ ကြောင့် အာဟာရ ချို့ယွင်းမှုဒဏ်ကို ခံစားနေကြ ရတယ်လို့ သိရပါတယ်။ ကင်ဆာလူနာ တစ်ဦးနဲ့တစ်ဦး အာဟာရ ချို့ယွင်းမှု ပမာဏဟာ ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစား၊ ကင်ဆာပျံ့နှံ့မှု အဆင့်နဲ့ ကင်ဆာကုသမှု ပုံစံများအပေါ် မူတည်ပြီး ကွဲပြားခြားနား သွားတာ ဖြစ်ပါတယ်။ ကင်ဆာ လူနာများမှာ အာဟာရ ချို့တဲ့မှုတွေ ဖြစ်ပွားပြီး ကိုယ်အလေးချိန်တွေ ကျဆင်း လာတဲ့အခါ မကောင်းတဲ့ အကျိုး ဆက်တွေ ဖြစ်ပွား နိုင်ပါတယ်။ တခြား မလိုလား အပ်တဲ့ အပိုပြဿနာ တွေပေါ်လာ တတ်တယ်။ ဥပမာ- ဖျားနာတာမျိုး။ မိမိမှာ ခံစားနေရတဲ့ ကင်ဆာရောဂါ ကိုလည်း ပိုပြီးဆိုးရွား သွားစေနိုင်တယ်။ တစ်ချိန်တည်းမှာပဲ ဆေးကုသမှု ဒဏ်ကို မခံနိုင်တဲ့ ပြဿနာ တွေလည်း ပေါ်လာ နိုင်ပါတယ်။ ဥပမာတစ်ခု ပြရမယ်ဆိုရင် ဦးခေါင်းနဲ့ လည်ချောင်း ကင်ဆာလူနာ များမှာ ဓာတ်ရောင်ခြည် ကုထုံးနဲ့ ကုသနေစဉ် အတွင်း မူလ ကိုယ်အလေးချိန်ရဲ့ ၂ဝ ရာခိုင်နှုန်း ပိန်ကျသွားမယ် ဆိုရင် အသက်အန္တရာယ် ရှိတယ်လို့ လက်တွေ့ သုတေသန များအရ သိကြရ သလိုပေါ့။

ကင်ဆာကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးများကြောင့် ပျို့အန်တာ၊ အစာအိမ် အူလမ်းကြောင်း တစ်လျှောက် (ပါးစပ်ကနေ စအိုဝအထိ) အနာတွေ ပေါက်ပြီး မစားနိုင် မသောက်နိုင် ဖြစ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာပြရရင် အူလမ်းကြောင်း ကင်ဆာများမှာ အသုံးပြုတဲ့ 5FU ဆိုတဲ့ ကင်ဆာဆေး လိုပေါ့။ အဖြစ်မများ လှပေမယ့် ဖြစ်တတ်တဲ့ အထဲတော့ပါတယ်။ ကင်ဆာရောဂါ အတော်များများမှာ သုံးနေဆဲ ဖြစ်တဲ့ Methotrexate ဆိုတဲ့ ဆေးဟာလည်း သည်လို ပြဿနာ တွေဖြစ်နိုင်တယ်။ တခြား သိပ်အသုံးမများ ပေမယ့် အစာအိမ် အူလမ်းကြောင်းမှာ ပြဿနာ ပေးတတ်လို့ အာဟာရချို့တဲ့ ပြဿနာတွေ ဖြစ်စေနိုင်တဲ့ ကင်ဆာဆေး တွေလည်း ရှိပါသေးတယ်။

ကင်ဆာလူနာ များမှာ အာဟာရ ချို့တဲ့ရင် ဘာတွေ ဆက်ဖြစ်မလဲ။ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ ကင်ဆာဆေး များဟာ မလိုလားအပ်တဲ့ နေရာတွေကို ရောက်သွား နိုင်တယ်။ အသည်းက ချေဖျက်ရာမှာ၊ ကျောက်ကပ်က စွန့်ထုတ်ရာမှာ ပြဿနာတွေ ပေါ်လာနိုင်တယ်။ ဆေးဝါးများမှာ ကိုယ်ခန္ဓာထဲ ရောက်လာပြီးရင် အသားဓာတ် များနဲ့ပေါင်းပြီး သွားလိုတဲ့ နေရာကို သွားကြရတာ ဖြစ်ပါတယ်။ အာဟာရ ချို့တဲ့ပြီး အသားဓာတ် နည်းနေတဲ့ လူနာများမှာ သွင်းလိုက်တဲ့ ကင်ဆာဆေး တွေဟာ သွေးထဲမှာ မနေဘဲ ခန္ဓာကိုယ်အနှံ့ စုပုံရောက်ရှိ သွားပြီး ဘေးထွက်ဆိုးကျိုး တွေဖြစ်နိုင် တယ်။ ကင်ဆာရောဂါ အများစု မှာ အသုံးများတဲ့ Cisplatin, Etoposide, Paclitaxel အစရှိတဲ့ ဆေးများဟာ အသားဓာတ်များကို အလွန် နှစ်ခြိုက်တဲ့ ဆေးဝါးများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆေးသွင်းကင်ဆာ လူနာများကို သန့်ရှင်း လတ်ဆတ်တဲ့ အသား များများ စားရမယ်လို့ မှာကြရတာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ကင်ဆာဆေး များကို အသည်းက ချေဖျက်ရတာ ဖြစ်ပါတယ်။ အာဟာရ မပြည့်ဝတဲ့ လူနာများမှာ အသည်းက ဓာတ်တိုး ချေဖျက်မှု လုပ်ငန်းစဉ် (Oxidation) ကို မလုပ်နိုင်တော့ဘူး။ သည်အခါမှာ ကင်ဆာဆေး များကို မချေဖျက် နိုင်တော့ဘဲ သွေးထဲမှာ အချိန်ကြာကြာ ပိုနေသွား ကြတယ်။ အဲဒီအခါမှာ ဘေးထွက် ဆိုးကျိုးတွေ ပိုများတော့တာပဲ။ ကင်ဆာဆရာဝန် များအနေနဲ့ အလွန်ဆိုးရွား ပြင်းထန်တဲ့ ကင်ဆာဆေး များကို မတတ်သာလို့သာ ကင်ဆာကုသမှု အတွက် သုံးနေကြရတာ ဖြစ်ပါတယ်။ တချို့ကင်ဆာ ဆေးများဆိုရင် သွေးထဲမှာ နာရီပိုင်း လောက်ပဲ နေစေပြီးတော့ အမြန်ချေဖျက်ဖို့ ကြိုးစားကြ ရတာ ဖြစ်ပါတယ်။ ဥပမာ- Methotrexate ဆေးဆိုရင် ဆေးသွင်းပြီး ၂၄ နာရီပြည့်တာနဲ့ သွေးထဲမှာ ဘယ်လောက် ကျန်သေးလဲ ဆိုတာ တိုင်းတာပြီး အဆိပ်ဖြေဆေးကို ပြန်ထိုးပေး နေရတာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ အနည်းငယ်သာ လိုအပ်လို့ Trace elements မှခေါ်ကြတဲ့ Selenium လို၊ Zinc လို အရေးပါတဲ့ ဓာတ်တွေဟာလည်း ကင်ဆာရောဂါနဲ့ ကင်ဆာကုသ ဆေးများ အပေါ်မှာ လွှမ်းမိုးမှု ရှိတာကြောင့် အားဆေးများ ထည့်သွင်း သောက်သုံးနိုင် ပါတယ်။ ယနေ့ခေတ် အားဆေး အတော်များများမှာ အဲဒီလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုံလင်တဲ့ ဆေးများစွာ ရှိနေတာမို့ အလွယ်တကူ ရှာဖွေသောက်သုံး နိုင်နေပါပြီ။ ကင်ဆာလူနာ များအနေနဲ့ အာဟာရ စုံလင်စွာ မစားမသောက် နိုင်တာမို့ အားဆေးများ ကို ယေဘုယျ အားဖြင့် သောက်သုံးသင့် တယ်ဆိုရမှာပါ။

ယနေ့ နာမည်ကြီးနေတဲ့ ဂျင်ဆင်း ပါဝင်တဲ့ဆေးများ ဟာလည်း ကိုယ်ခံအား စနစ်ကို တိုးတက်စေတဲ့ တွေ့ရှိချက်တွေ သက်သေပြ နိုင်ပြီမို့ တော်သင့်ရုံ မှီဝဲနိုင်ပြီလို့ ဆိုရမှာပေါ့။ တခြား သဘာဝ အစားအစာများ ဖြစ်တဲ့ ချင်း နဲ့ ကြက်သွန်ဖြူ များမှာလည်း ကင်ဆာကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို ကျစေနိုင်တာမို့ စားသောက်သင့် တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်လို့ ပြန်ကြားပေး လိုက်ပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger