www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 8, 2016

မောင်တောခရိုင်အတွင်း လုံခြုံရေးတာဝန် ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ကူညီထောက်ပံ့ရန် လိုအပ်သော တိုင်းရင်းသားများအတွက် အလှူငွေနှင့် ဆန်အိတ်များ လှူဒါန်း


ရမ်းဗြဲမြို့နယ်ရှိ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက တပ်မတော်သား များအတွက် 
အလှူငွေ ပေးအပ်လှူဒါန်းစဉ်

နေပြည်တော် ၊ ၈-၁၁-၂၀၁၆

နိုင်ငံကို ချစ်သည့်စိတ်၊ နိုင်ငံကို ကာကွယ်လိုသည့် စိတ်ဓာတ်ဖြင့် မည်သည့် တိုက်တွန်းချက်မျှ မပါဘဲ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ကူညီ ထောက်ပံ့ရန် လိုအပ်သော တိုင်းရင်းသား ကျေးရွာများ အတွက် ရမ်းဗြဲမြို့နယ်ရှိ ပြည်သူများက ချွေးနှဲစာများကို စုစည်းပြီး ပင်ကိုယ်အသိ စိတ်ဓာတ်ဖြင့် လာရောက် လှူဒါန်းခြင်း ဖြစ်ပါကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ က ပြောကြားသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံး ၌ ယမန်နေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပသည့် မောင်တောခရိုင် အတွင်း လုံခြုံရေး တာဝန် ဆောင်ရွက်လျက် ရှိသည့် တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ကူညီ ထောက်ပံ့ရန် လိုအပ်သော တိုင်းရင်းသားများ အတွက် ရမ်းဗြဲမြို့နယ်ရှိ ပြည်သူများက လှူဒါန်းသည့် အလှူငွေနှင့် ဆန်အိတ်များ ပေးအပ်သည့် အခမ်းအနားတွင် ဒေါက်တာ ချမ်းသာ က အဖွင့်အမှာစကား ပြောကြားစဉ် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လှူဒါန်းမှုကို ရမ်းဗြဲမြို့နယ်ရှိ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစည်း၍ ပေးအပ်လှူဒါန်းရာ တပ်မတော်သား များအတွက် လှူဒါန်းငွေကျပ် ၂၅ သိန်းကို ဗိုလ်မှူးကြီး ခင်မောင်စိုး က လည်းကောင်း၊
နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များအတွက် လှူဒါန်းငွေကျပ် ၂၅ သိန်းကို အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် က လည်းကောင်း၊ တိုင်းရင်းသား ကျေးရွာများ အတွက် ထောက်ပံ့ လှူဒါန်းသည့် ငွေကျပ်သိန်း ၉ဝ တန်ဖိုးရှိ ဆန်အိတ် ၃၆ဝ ကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က လည်းကောင်း အသီးသီး လက်ခံရယူ ကြသည်။

ဆက်လက်၍ ပြည်နယ် လူမှုရေးဝန်ကြီး နှင့် ရမ်းဗြဲမြို့နယ်ရှိ လူမှုရေး အဖွဲ့အစည်း များမှ ကိုယ်စားလှယ် များသည် ငွေကျပ်သိန်း ၂ဝ တန်ဖိုးရှိ ဆန်အိတ်များကို မောရဝတီ တိုင်းရင်းသား ကျေးရွာအရောက် သွားရောက် လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူ ကြသည်။

လှူဒါန်းမှု အပြီးတွင် ရမ်းဗြဲမြို့မှ မြို့မိမြို့ဖ ဦးအောင်စိုး က ''ဒီကိုလာရောက် လှူဒါန်းရတဲ့ ရည်ရွယ်ချက် ကတော့ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသား တွေကို ကူညီချင်လို့ ရမ်းဗြဲမြို့နယ် ကိုယ်စားပြုပြီး လာရောက် လှူဒါန်းရခြင်း ဖြစ်ပါတယ်။ အဓိကလာပြီး လှူဒါန်းတာ ကတော့ ဆန်ဖြစ်ပြီး နောက်ထပ်လည်း လှူဒါန်းဖို့ အစီအစဉ်တွေ အများကြီးရှိပါ သေးတယ်'' ဟု ပြောသည်။

ဆက်လက်ပြီး ရမ်းဗြဲမြို့နယ် လူမှုရေး အဖွဲ့အစည်းမှ ကိုလှသွင် ကလည်း ''ကျွန်တော်တို့ ရမ်းဗြဲမြို့နယ်ကို ကိုယ်စားပြုပြီး လှူဒါန်းခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခုလိုဖြစ်ပျက် နေတာတွေကို ကြားသိရတဲ့ အတွက် စိတ်မကောင်း ပါဘူး။ အနောက်ဘက် တံခါးက ပြဿနာတွေကို တိုင်းရင်းသား တွေနဲ့ အစိုးရ ပူးပေါင်းပြီး ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားမယ်လို့ သန္နိဋ္ဌာန်ချထား ပါတယ်'' ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော WFP ၊ MHDO ၊ UNHCR ၊ OCHA တို့မှလည်း မောင်တောခရိုင် အတွင်းရှိ ကူညီ ထောက်ပံ့ရန် လိုအပ်သော တိုင်းရင်းသား ကျေးရွာများ အတွက် ရိက္ခာအမယ်များ ထောက်ပံ့ လှူဒါန်းမှုကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များမှတစ်ဆင့် လှူဒါန်းနိုင်ရန် တာဝန်ရှိသူ များနှင့် ညှိနှိုင်းစီစဉ် ဆောင်ရွက်လျက် ရှိသကဲ့သို့ နယ်မြေရှင်းလင်း စဉ် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည့် ဝက်ဘိတ်၊ ငါးစာကြူး၊ ပြောင်ပိုက် နှင့် ကြက်ရိုးပြင် ကျေးရွာများ အတွက် နှစ်ပတ်စာ ရိက္ခာများကို နိုဝင်ဘာ ၈ ရက်တွင် ကျေးရွာများသို့ အရောက် ပေးပို့ လှူဒါန်းနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း အချို့အား အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အချို့ ကျဆုံးဒဏ်ရာ ရရှိကာ လက်နက်ခဲယမ်း နှင့် ဆက်စပ် ပစ္စည်းများ ဆုံးရှုံးခဲ့သဖြင့် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေးနှင့် လုံခြုံရေး ဆောင်ရွက်လျက် ရှိရာ နယ်မြေ အတွင်းရှိ တိုင်းရင်းသား ကျေးရွာများမှ ရွာသူရွာသား အချို့မှာ မောင်တော၊ ဘူးသီးတောင် နှင့်စစ်တွေမြို့ တို့သို့ နေရပ်စွန့်ခွာ တိမ်းရှောင် ခဲ့ကြသဖြင့် နိုင်ငံတော် အစိုးရ အစီအစဉ်ဖြင့် လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည့် အပြင် စေတနာရှင် ပြည်သူများ ကလည်း ပူးပေါင်းလှူဒါန်း ခဲ့ကြသည်။

ယခုအခါ နယ်မြေတည်ငြိမ် လာပြီဖြစ်၍ ဖြစ်စဉ် ဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လျက် ရှိသော ဝက်ဘိတ်၊ ငါးစာကြူး၊ ပြောင်ပိုက်နှင့် ကြက်ရိုးပြင် ကျေးရွာများသို့ ရွာသူရွာသားများ ပြန်လည် ရောက်ရှိလာ သဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့မှု လုပ်ငန်းများ စတင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger