ဒုတိယအရွယ်၏ ရင်ခုန်သံ
( မဒါလေး )
တောင်သမန်အင်း ဘက်က တစ်ချက်တစ်ချက် တိုးဝှေ့တိုက်ခတ် လာသော လေနုအေးကို ယခင်က နှစ်ခြိုက်မိသော်လည်း ယခုအချိန်တွင် အနည်းငယ် သဘောမတွေ့ ဖြစ်လာသည်။ တိုက်ခတ်လာသော လေနုအေးက အေးစက်စက်နှင့် ညှီစို့စို့နိုင်၍ ဖြစ်သည်။ ယခင်က ကမ်းပေါ်မှ လေတိုက်ရာ အရပ်ကို မျက်နှာမူလျက် ဖြတ်သန်းလာသောလေကို အငမ်းမရ ရှူရှိုက်မိခဲ့ သော်လည်း ယခုအခါ လေကွယ်ရာကို ရှောင်ပြေးချင် မိသည်။ ယခင် ဆယ်ကျော်သက် အရွယ်က ဤနေရာ ရောက်တိုင်း ပျော်ရွှင်မှု၊ ကြည်နူးမှုများနှင့် တက်ကြွမှုများ ခံစားရသော်လည်း ယခု သင်္ခါရ နှင့် သံဝေဂ တို့ရောပြွမ်းသည့် စိတ်တို့က လွှမ်းမိုးထားသည်။ ဆောင်းဝင်စမို့ လေက အနည်းငယ် အေးစိမ့်စိမ့် နိုင်လှသည်။ တံတားပေါ် လျှောက်ရင်း ကြည်နူး ပျော်ရွှင်နေကြသည့် လူငယ်များကို မြင်ရသည့်တိုင် စိတ်က လန်းဆန်းတက်ကြွ မလာခဲ့။ ငယ်ရာမှကြီးလာ ခဲ့သူတစ်ဦး မဟုတ်သကဲ့သို့ မြင်ရသည့် မြင်ကွင်းများက အကျည်းတန် စေသည်။ စိတ်တို့ လေးလံစွာဖြင့် လွန်ခဲ့သော နှစ်များဆီပြန်ပြေး နေမိသည်။ စာရေးသူတို့ သူငယ်ချင်းများ စိတ်ညစ်တိုင်း အဆင်မပြေမှုများ ရှိတိုင်း တောင်သမန်တံတား ဆီ အလည်လာလေ့ ရှိသည်။ တံတားပေါ်လျှောက် ကမ်းစပ်နားသွားကာ စကားများ ဖောင်ဖွဲ့ကြ အကြော်စားရင်း သူ့အကြောင်း ကိုယ့်အကြောင်း ရင်ဖွင့်လျက် သောကအချို့ကို ပြေပျောက် စေသည်။ ယခုတော့ သူငယ်ချင်းများလည်း တစ်နယ် စီကွဲကာ လုပ်ငန်းခွင် ကိုယ်စီဖြင့် မတွေ့ဆုံ ဖြစ်ကြသည်မှာ ကြာခဲ့ပြီ။
တစ်ခါတစ်ရံ သာမက ယခုရက်ပိုင်းတွင် စာရေးသူ၏ စိတ်ထွေပြားမှုပေါင်း များစွာနှင့် ရင်ဆိုင်နေရသည်။ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးလာလို့ ဒီလိုဖြစ်တာ လားဟု ပြန်သုံးသပ်မိသည်။ ထိုအချက်လည်း အနည်းအကျဉ်းတော့ ပါဝင်သည်။ အသက်အရွယ် ရလာသည်နှင့် အနာဂတ် အစီအစဉ်များ ပိုမိုလေးနက်လာ သည်ထက် လေးလံလာသည်ဟု ဆိုရမည်။ တစ်နှစ် ထက်တစ်နှစ် ကြီးလာသော အသက်လောက် ဝင်ငွေ လစာတိုး လာလျှင်လည်း ကောင်းဦးမည်။ ယခုအသက်က တဖြည်းဖြည်း ကြီးလောလေ ကုန်ကျစရိတ် ပိုများလာပြီး ကုန်ဈေးနှုန်း တန်ဖိုးက ကြီးလေလေ ဖြစ်နေသည်။ ရသည့်ဝင်ငွေက သာမန် လူလတ်တန်းစား တစ်ရပ် စားနိုင်သောက်နိုင် လောက်သာ ဖြစ်သောကြောင့် အပိုအလျှံဟူ၍ သိပ်မရှိလှ။ ထို့ကြောင့် အနာဂတ်ကို တွေးပူရင်း ယခုကဲ့သို့ စိတ်ဖိစီးခြင်းလည်း ပါမည်။
ယခင်က ဆရာတစ်ဦးပြောဖူးသည့် စကားများသည် ယခုအချိန်၌ နားထဲတွင် ထပ်ခါထပ်ခါ ကြားယောင်မိသည်။ ''ငယ်တုန်း အချိန်မှာ ဘယ်နေရာမှာ လုပ်လုပ်၊ ဘာအလုပ်ပဲ လုပ်လုပ် သမ္မာအာဇီဝ ကျရင် တင့်တယ်ပါတယ်။ အသက်ကြီး ရင်တော့ မတူတော့ဘူး" ။ ထိုအချိန်တုန်း ကတော့ အလုပ်ခွင့်ထဲမှာ လူငယ်ပီပီ မိမိကျရာနေရာ ကို မညည်းညူဘဲ အားကြိုးမာန်တက် လုပ်မည်ဟုသာ ခံယူထားလိုက်သည်။ ဆရာပြောသည့် အသက်ကြီးရင်တော့ မတူတော့ဘူး ဆိုသည်မှာ ယခုအချိန်တွင် စတင်ကြုံတွေ့လို့ နေပါပြီ။ မှန်လဲမှန် ပါသည်။ အသက်ကြီးလာတော့ ကိုယ်နှင့် အရွယ်တူများ သာမက ကိုယ့်အောက်က လူများကိုပါ ပြန်လှည့် ကြည့်ရပြီ။ ပညာ ဦးဆောင်သော ခေတ်တွင် အားလုံး က ရှေ့ပြေး နေကြသည်။
ငယ်ငယ်ရွယ်ရွယ် နှင့် ပညာတတ်သော လူများ ကြားတွင် လုပ်ငန်းအတွေ့အကြုံ ဆိုသည့် လက်နက်မှာ တစ်ခါတစ်ရံ တိုးမပေါက်ခဲ့။ ကိုယ့်တပည့်လည်း မက ဆရာလည်း မကျသဖြင့် အတော် ဟန်မကျသည့် အဖြစ် ဖြစ်နေတော့သည်။ ထိုအချိန်တွင် စာရေးသူ၏ ရင်ခုန်သံများ မြန်ခဲ့ရပြီ။ အလုပ်ထဲတွင်လည်း ရင်အခုန်ရဆုံး အချိန်ဖြစ်နေသည်။ ကိုယ့်နောက်မှ လူများ ရာထူးတိုး သွားတိုင်း ကိုယ့်မှာ ဘာလိုအပ်ချက်များ ရှိနေပြီလဲ။ခေတ်နှင့်အညီလိုက် နိုင်သေးရဲ့လား။ လိုက်ဖို့လိုနေ ပြီလား။ လပေါင်းများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းနေရသည်။ လုပ်ငန်းခွင် အတွေ့အကြုံ နှင့်ဝါအရ ရာထူးတိုး ပြန်လျှင်လည်း ကိုယ့်တွင်မရှိသော အရည်အချင်းများကို ပြေးဖြည့်ရသည့် အဖြစ်ကလည်း ရှိသေးသည်။ ထိုအဖြစ်မှာ ငယ်စဉ်က ရင်ခုန်လှိုက်မော သကဲ့သို့ ပျော်ရွှင်ကြည်နူး ရသော်လည်း အသက်သုံးဆယ်ကျော်၊ လေးဆယ်နားနီး လူတစ်ဦးအတွက် အတော်ပင် ကြိုးစားယူ နေရသည့် အခြေအနေတွင် ရှိသည်။ ထိုအချိန်တွင် ကိုယ်ပိုင်လုပ်ငန်း လုပ်နေကြသည့် မိတ်ဆွေ သူငယ်ချင်းများကို အားကျမိသည်။ မိမိလုပ်ငန်း တိုးတက် အောင်မြင်ရေးသည် မိမိလက်ထဲတွင် သာရှိသည်။ မိမိကိုယ်ကို ပြိုင်ရင်း ကြိုးစားသွားနိုင်သည်။ ပညာတစ်ခုခုကို ဆည်းပူးမည်ဆိုလျှင် ပြိုင်ဆိုင်ခြင်း ကင်းသဖြင့် စိတ်အေးလက်အေး ဆောင်ရွက်နိုင်သည်။
ကိုယ်နှင့်အရွယ်တူ များက ကိုယ်ပိုင်လုပ်ငန်းများ၊ အောင်မြင်သည့် ဆရာ၊ ဆရာမများ၊ လုပ်ငန်းတစ်ခု ၏ အကြီးအကဲများ အဖြစ် ရပ်တည်နေချိန်တွင် ကိုယ်က အောက်ခြေဝန်ထမ်း ဘဝက မလွတ်သေးလျှင် လည်း မဖြစ်ပြန်သေး။ အပေါ်ကို တိုးထွက်ရန်က လည်း အခြေအနေ ပေးသည့်အခါ အတော်ပင် တွေးပူရသည်။ ကြိုးစားသော်လည်း အခြေအနေနှင့် အခွင့်အရေး မသာခဲ့သည်ကို လူများက မြင်မည်မဟုတ်။ ဒီအသက်အရွယ် ထိ ဘာလုပ်နေလို့ ဒီလို အသုံးမကျ ဖြစ်နေသလဲဟုသာ ပြောကြမည်။ အမှန်တကယ် မလုပ်ခဲ့သဖြင့် မအောင်မြင်လျှင် ဘယ်သူ ဘာပြောပြော ဂရုစိုက်စရာ မလိုဟု နေနိုင်သော်လည်း ကြိုးစားပါလျက် နှင့် အကြိမ်ကြိမ် အခွင့်မသာ ခဲ့သည့်အခါ ကိုယ့်ကိုယ်ကိုယ်ပင် စိတ်နာချင် လာသည်။
ဤ အသက်အရွယ်တွင် အေးချမ်းခြင်းကို အနည်းငယ် ရရမည့်အရွယ် ဖြစ်သော်လည်း ပူလောင်နေရဆဲ ဖြစ်သည်။ ကံအခွင့်မသာ ခဲ့ပါက အသက်ကြီးသည်ထိ သူများလုပ်သား ဘ၀ဖြင့်သာ အချိန်ကုန်သွား နိုင်သည်။ သည်လိုလည်း အဖြစ်မခံနိုင်သေး။ အချိန်ရှိခိုက် လုံ့လစိုက်ထုတ် ရပေဦးမည်။ တတ်နိုင် သလောက် ဆွဲတင် ကြည့်ရပေဦးမည်။ အသက်အရွယ် တစ်ခုအရောက် တွင် တည်ငြိမ်စွာဖြင့် ဘဝကိုဖြတ်သန်း နိုင်ရန် ယခု အချိန်ကတည်းက သေသေချာချာ စီစဉ်ဆောင်ရွက် ရပေလိမ့်မည်။ ယခုအချိန်တွင် ငယ်ငယ်ကလို ကြုံရာ အလုပ်လုပ် ရမည့် အချိန်မဟုတ်တော့ ပါ။ အလုပ်တစ်ခု ထဲတွင် ဘဝကိုနှစ်ပြီး လုပ်ရမည့် အချိန်လဲ မဟုတ်တော့ပါ။
အနာဂတ်အတွက် ကိုယ့်ဘဝကို အထောက် အပံ့ ဖြစ်စေမည့် လုပ်ငန်းမျိုးကို ရွေးချယ်တတ်ရန် အရေးကြီးလာပြီ ဖြစ်သည်။ ပြောင်းလဲသင့် သည်များကို ပြောင်းလဲနိုင်ရန် ကြိုးစားရမည်။ ကိုယ်ကအလုပ် အတွက် ပေးဆပ်တာမျိုး မဟုတ်ဘဲ အလုပ်က ကိုယ့်အတွက် ရနိုင်သည့် အထောက်အပံ့ ကောင်းများကို ယူတတ်ရမည့် အချိန်ကို ရောက်လို့နေပေပြီ။ သို့မှသာ အနာဂတ်တွင် စိတ်ချရသော ရင်ခုန်သံ စည်းချက်များ မှန်နိုင်မည် ဖြစ်ပေသည်။
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၀)
No comments:
Post a Comment