www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 26, 2016

ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ကျန်းမာရေးပွဲတော် ကျင်းပမည်


သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို 
တာဝန်ရှိသူများက ပြောကြားစဉ်

ရန်ကုန် ၊ ၂၆-၁၀-၂၀၁၆

ကမ္ဘာ့အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေသည့် ထိုင်းနိုင်ငံရှိ ဘမ်ရွန်ဂရတ် အပြည်ပြည် ဆိုင်ရာ ဆေးရုံကြီးနှင့် Yangon International Medical Service တို့ပူးပေါင်းစီစဉ် ကျင်းပမည့် ကျန်းမာရေး ပွဲတော်ကို ရန်ကုန်မြို့၌ ပထမဆုံး အကြိမ် အဖြစ် နိုဝင်ဘာ ၆ ရက်တွင် ပြည်သူ့ရင်ပြင် ဝင်းအတွင်းရှိ The Yangon Gallery ခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ် ၌ကျင်းပသော အဆိုပါပွဲတော် ကျင်းပရေး သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

''ဒီပြပွဲကြီးမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက် ကျန်းမာရေး အသိပညာနဲ့ ဗဟုသုတတွေ တိုးပွားစေမယ့် ဟောပြောပွဲတွေ ပါဝင်မယ်။ နောက်ပြီး ကျန်းမာရေး ဆိုင်ရာပြခန်း တွေမှာ ဆရာဝန်ကြီး တွေနဲ့ တိုက်ရိုက် ဆွေးနွေးခွင့် တွေရမယ်။ ဒါ့ပြင်ပြပွဲလာ ပရိသတ်တွေ အတွက် ကံစမ်းမဲ အစီအစဉ်တွေ ထည့်သွင်း ပေးသွားမှာပါ'' ဟု ဘမ်ရွန်ဂရတ် အပြည်ပြည် ဆိုင်ရာ ဆေးရုံကြီး မြန်မာပြည် တာဝန်ခံ Executive Director Bruce Mo Ye Kyaw ကပြောသည်။

ဆေးပညာ ဟောပြောပွဲတွင် ဝါရင့် ပရော်ဖက်ဆာ အထူးကု ဆရာဝန်ကြီး လေးဦးက ကုသမှုနယ်ပယ် အလိုက် သက်ရှည် ကျန်းမာမည့် နည်းလမ်းများနှင့် နှလုံး သွေးလွှတ်ကြော ရောဂါ၊ အဆုတ်ကင်ဆာ၊ အသည်းရောင် အသားဝါ-စီ ရောဂါများ အကြောင်းကို အသိပညာပေး ဟောပြော ဆွေးနွေးမည် ဖြစ်သည့်အပြင် ဆေးပညာ ဆွေးနွေးခန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ခရီးသွားလာမှု အစီအစဉ်များကို ခင်းကျင်းပြသ သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲကို နိုဝင်ဘာ ၆ ရက်တွင် နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည် ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုလေ့လာ နိုင်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger