www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 13, 2016

ကျောင်းကျန်းမာရေး ( တန်းတူစာမလိုက်နိုင်တဲ့ ကလေးတွေ)


ကျောင်းကျန်းမာရေး ( တန်းတူစာမလိုက်နိုင်တဲ့ ကလေးတွေ)

ဒေါက်တာ လွင်သန့်

ကျောင်းတွေမှာ ဟင်းဒီကတ် (Handicup) ခေါ် တစ်ပန်းရှုံးတဲ့ ကလေးများ သို့မဟုတ် တခြားကလေး တွေနဲ့ တန်းတူ စာ မလိုက်နိုင်တာ တွေ့ရပါတယ်။ ယင်း ရင်သွေးများဟာ တခြားကလေး များနဲ့မတူ ဝိတ် သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်းမှာ တစ်စုံတစ်ခု ချို့ယွင်းအားနည်း နေတတ်တယ်။ ဆရာများဟာ ကျောင်းသားသစ်များ ရောက်လာပြီ ဆိုရင် ယင်း ရောက်လာတဲ့ ကျောင်းသားသစ် ဟာ တစ်ပန်းရှုံးတဲ့ ကလေး ဟုတ်၊ မဟုတ် ကို တစေ့တစောင်း လေ့လာဖို့ လိုပါတယ်။ တခြားကလေး များနဲ့ တန်းတူ မဟုတ်တဲ့ တစ်ပန်းရှုံး နေရှာတဲ့ ကလေးတွေ ဖြစ်ရင် တခြားကလေးနဲ့ တန်းတူ မထားဘဲ လိုအပ်သလို ကူညီပြုစု စောင့်ရှောက်ဖို့ လိုပါတယ်။ ဆရာ၊ ဆရာမ များဟာ ကိုယ့်တပည့်တွေ ထဲမှ မှတ်ဉာဏ် အလွန်ကောင်းသူ ကလေးများ တွေ့ရသလို မှတ်ဉာဏ်နည်းတဲ့ ကလေးများလည်း တွေ့ကြုံ ရတတ်တယ်။ ယင်းကလေး များဟာ မွန်ဂို (Mongo) ကလေးများလို မှတ်ဉာဏ် အလွန်အမင်း နည်းနေတာတော့ မဟုတ်ဘူး။ သာမန်ကလေး ထက်စာရင် မှတ်ဉာဏ်နည်း နေတတ်တယ်။

ယင်းကလေး များဟာ စိတ်အာရုံပြုမှု၊ စူးစိုက်မှုလည်း နည်းတယ်။ စာသင်ကြားရင် သင်ကြားမှုကို ခဏသာ နားထောင်ပြီး အာရုံဟာ တခြားကို ရောက်သွား တတ်တယ်။ ကစားရင်လည်း ကစားတဲ့ လုပ်ငန်းမှာ ခဏသာ စိတ်ဝင်စားပြီး တခြားအလုပ် တစ်ခုကို အာရုံ ပြောင်းသွားတယ်။ ဂဏန်းသင်္ချာ သင်ရာမှာ အခက်အခဲ ရှိတတ်တယ်။ ယင်း ကလေးမျိုး မိမိတပည့် ထဲမှာ တွေ့ရှိရင် မင်းမှတ်ဉာဏ် မရှိဘူးလား၊ သည်းခြေ မရှိဘူးလား စသဖြင့် ပြောဆိုဖို့ မသင့်ဘဲ ယင်းကလေး များကို စိတ်ရှည်လက်ရှည် ထပ်ကာထပ်ကာ ရှင်းလင်းသင်ပြ ပေးရမယ်။

ကလေးတွေ အသိဉာဏ် နည်းတာ ပြစ်တင် ပြောဆိုနေရင် ကလေးများဟာ မိမိကိုယ်မိမိ အသိဉာဏ် နည်းပါးလွန်းတယ် လို့ အယူအဆ မှားယွင်းပြီး တခြားကလေး များနဲ့လည်း အသိဉာဏ်ချင်း မယှဉ်နိုင်ဟု ထင်မှတ်သွား တတ်တယ်။ ထင်မှတ်သွား ခဲ့ရင် စာသင်ဖို့ ခဲယဉ်း လာတတ်တယ်။ စင်စစ်မှာ ယင်းကလေးဟာ စာပေသင်ကြား ပေးလို့ရတယ်။ ထပ်ကာထပ်ကာ စိတ်ရှည်လက်ရှည် သင်ကြားပေး ခြင်းက ဉာဏ်ရည်မီ ကလေးများ နည်းတူ စာမေးပွဲများ အောင်မြင်အောင် သင်ကြား လာနိုင်ပါတယ်။

စာဖတ်ခြင်း

ကလေးများ စာပေသင်ကြား ပေးရာမှာ စာဖတ်တတ်စေဖို့ အဆင့် နှစ်ဆင့် ရှိတယ်။ ပထမအဆင့်ဟာ စာလုံးကို မှတ်မိနားလည် တဲ့အဆင့်ဖြစ်ပြီး မြန်မာစာ သင်ကြားရာမှာ ဆရာက ''ပ''လို့ သင်ပေမယ့် ကလေးက ''၁'' ရေးတယ်လို့ မြင်ကာ ''ပ''ကို ''၁'' လုပ်တတ်တယ်။ အင်္ဂလိပ်စာ သင်ရာမှာ လည်း အီး ''E''ကို "3'' လို့ ရေးတတ်ကြတယ်။ ယင်း ကလေးတွေကို စိတ်ရှည်ရှည် သင်ပေးရင် ပြန်လည် ကောင်းမွန် လာတယ်။ ဘယ်၊ ညာ စာရေးခြင်းဟာ အသိဉာဏ်နဲ့ မဆိုင်ဘဲ ဘယ်၊ ညာ မလှည့်တတ် တာပဲ ဖြစ်တယ်။ ဒါကို ဆရာက သို့မဟုတ် မိဘက ဒါလေးတောင် မရေးတတ် ဘူးလားလို့ ကြိမ်းမောင်း သင်ကြားပေးရင် ကလေးဟာ စိတ်ဆင်းရဲကာ အမှန် သင်ကြားရေး အတွက် ပိုပြီးခက်ခဲ သွားတတ်တယ်။

နားနှင့် မျက်စိ

ကျောင်းကို ရောက်လာတဲ့ ကလေးထဲမှာ နားနဲ့မျက်စိ မကောင်းတဲ့ ကလေးများ ပါလာတတ်တယ်။ ယင်းကလေး များဟာ တစ်ပန်းရှုံး ရရှာတဲ့ ကလေးများ ဖြစ်တယ်။ ယင်း ကလေးများကို ဆရာ၊ ဆရာမ များက အလင်းရောင် ပိုရှိတဲ့နေရာမှာ ထားပေးခြင်း၊ စာရေး ကျောက်သင်ပုန်း အနီးမှာ ထားခြင်းက ကလေး ရဲ့ အခက်အခဲကို ကူညီပေးရာေ ရာက်ပါတယ်။ ကလေးဟာ နားနည်းနည်း မကြားရုံ၊ မျက်စိနည်းနည်း မှုန်ရုံဖြစ်ရင် တခြားကလေး များနဲ့တန်းတူ စာလိုက်နိုင် ပေမယ့် နားသိပ် မကြား၊ မျက်စိ သိပ်မမြင်ရင် ကြာတဲ့အခါ တန်းတူ စာမလိုက် နိုင်တော့ပါ။ ယင်းကလေး တွေကို မျက်စိအထူးကု၊ နား၊ နှာခေါင်း အထူးကု ဆရာဝန်များနဲ့ ပြသကုသ သင့်ပါတယ်။

နားမကြားတဲ့ ကလေး

နားမကြားတဲ့ ကလေးတွေမှာ လုံးဝ အသံမကြားသူ ရှားပါတယ်။ နားလေးတဲ့ ကလေးတွေမှာ အနည်းနဲ့အများ ကြားတတ် ပါတယ်။ နားကြားအောင် အသံချဲ့စက်တပ် (Earphone) ထားရင်း ကူညီပေးနိုင်တယ်။ နားကြားကိရိယာ တပ်ထားရင် ဆွံ့အ နားမကြားတာ ကူညီပေး နိုင်တယ်။ ဆွံ့အခြင်းဟာ အသံမကြား ရလို့ စကားမပြော တတ်ခြင်း ဖြစ်တယ်။ ကလေးဟာ ဘာသံမှ မကြားရင် ဘာစကားမှ တတ်မှာ မဟုတ်ဘူး။ မြန်မာ ကလေးဟာ ရုရှားသံ ကြားနေရင် ရုရှား ဘာသာစကား တတ်တယ်။ အသံတချို့ ကြားရပြီး တချို့မကြား နိုင်တဲ့ကလေး များကို အသံချဲ့စက် တပ်ပေးရင် စကားလည်း တတ်လာတယ်။ အသံတချို့ ကြားလို့ တချို့ကို မကြားခြင်းဟာ တိပ်ရီကော်ဒါ မှာ တချို့ကို ဖြတ်ထားပြီး နားထောင်သလိုအဓိပ္ပာယ် မပေါ်ဘဲဖြစ်ကာ စကားမပြော တတ်ဖြစ်လာခြင်း ဖြစ်လို့ အသံချဲ့စက်ဟာ မကြားရတဲ့ အသံများကို ဆက်ပြီး ပေးခြင်းဖြစ်တယ်။

စကားထစ်ခြင်း

စကားထစ်ခြင်းဟာ ကလေးကို တန်းတူ စာမလိုက်နိုင်တဲ့ လက္ခဏာပဲ ဖြစ်တယ်။ စကားထစ် ခြင်းဟာ အသက် နှစ်နှစ်မှ ငါးနှစ်အတွင်း စကားစတင် ပြောဆိုရာမှ ရရှိလာခြင်း ဖြစ်တယ်။ စကားထစ် ခြင်းဟာ ယောက်ျားလေး တွေမှာ အဖြစ်များပြီး ကလေးအနားမှာ စကားထစ်သူ ရှိရင် ပိုဆိုးတယ်။ ကလေးများဟာ အရေးကြီးတဲ့ စကားများ ပြောရရင်၊ တစ်ခါတစ်ရံ ဆရာရှေ့ပြောရရင် ပိုပြီး ထစ်နေတယ်။ စကားထစ်တဲ့ ကလေးတွေ့ရင် အကောင်းဆုံး လုပ်သင့်တာ က ယင်းကလေး စကားထစ် တာကို ဆရာက လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှု ထားဖို့ဖြစ်တယ်။ သည်လို မဟုတ်ဘဲ ဆရာက ထစ်နေတဲ့ ကလေးကို ဘာလို့ထစ် နေတာလဲ စကားပြော စမ်းလို့ဆိုပြီး စကား မထစ်အောင် သင်လေ ပိုထစ်လေ ဖြစ်လာပါတယ်။ ဆရာက ကလေး စကားထစ်တာ ဂရုမစိုက်သလို တခြားသူများ၊ သူငယ်ချင်းများက မစအောင် ဟန့်တားပေးဖို့ လိုတယ်။ စကား ထစ်ခြင်းဟာ သူ့ဟာသူ ပြန်ကောင်းနိုင်လို့ စကားထစ် နေတဲ့ကလေးကို ပတ်ဝန်းကျင်က ဝင်မစွက်ဖက်ဖို့ လိုတယ်။ သူငယ်ချင်းများ က နောက်ပြောင်ရင် ပိုပြီး စကားထစ် နိုင်တယ်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger